တရုတ် အာကာသစခန်း ကမ္ဘာပေါ်သို့ ပြုတ်ကျလာပြီ

လွန်ခဲ့တဲ့တစ်နှစ်အကြာက တရုတ် အာဏာပိုင်များဟာ သူတို့ရဲ့ တီယန်ဂွမ် ၁ အာကာသစခန်းနဲ့ အဆက်အသွယ်ပြတ်သွားခဲ့တယ်လို့ ကြေညာခဲ့ပြီး ၂၀၁၇ ခုနှစ်နှောင်းပိုင်းမှာ ကမ္ဘာပေါ်သို့ ပြုတ်ကျလာမယ်လို့ ပြောခဲ့ပါတယ်။ အခုတော့ တရုတ် အမျိုးသား အာကာသ စီမံခန့်ခွဲ့ရေး (CNSA) က ၈.၅ တန် အလေးချိန်ရှိတဲ့ အာကာသ စခန်းဟာ ကမ္ဘာပေါ်သို့ စတင် ပြုတ်ကျလာပြီ ဖြစ်ပြီး ယခုနှစ် အောက်တိုဘာလနဲ့ လာမယ့်နှစ် ဧပြီလအတွင်းမှာ ကမ္ဘာမြေကို ထိခတ်မယ်လို့ ပြောပါတယ်။ အာကာသစခန်းဟာ ၁၀.၄ မီတာ အရှည်ရှိပါတယ်။ တီယန်ဂွမ်ကို ၂၀၁၁ ခုနှစ်မှာ လွှင့်တင်ခဲ့ပြီး လူနဲ့ လူမပါတဲ့ အာကာသစူးစမ်းလေ့လာရေးများကို ပြုလုပ်ခဲ့ကြပါတယ်။ တရုတ်ရဲ့ ပထမဆုံး အမျိုးသမီး အာကာသယာဉ်မှူးကလည်း အဲဒီကို လည်ပတ်ခဲ့ဖူးပါတယ်။ အာကာသစခန်းဟာ ကမ္ဘာပတ်လမ်းကြောင်းထဲမှာ အချိန်အနည်းငယ်ကြာမြင့်နေခြင်းဖြစ်ပြီး လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်းက ကမ္ဘာ့လေထုနဲ့ ပိုမိုနီးကပ်တဲ့ နေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ အဲဒီအတွက် ပိုမိုမြန်ဆန်တဲ့ အရှိန်နှုန်းဖြင့် ကျရောက်လာပြီ ဖြစ်ပါတယ်။ အာကာသစခန်းဟာ ပြုတ်ကျလာစဉ်မှာ လေထုထဲတွင် အစိတ်အပိုင်းများအဖြစ် ပြိုကွဲသွားမှာ ဖြစ်ပြီး မီးလောင်ကျွမ်းသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ၁၀၀ ကီလိုဂရမ်အထိ ကြီးမားတဲ့ အစိတ်အပိုင်းများကတော့ ပြိုကွဲသွားမှာ မဟုတ်ဘဲ သူတို့ဟာ ကမ္ဘာ့ဧရိယာရဲ့ ၇၀ ရာခိုင်နှုန်းရှိတဲ့ ပင်လယ်ထဲကို ကျရောက်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါမှမဟုတ် လူများ နေထိုင်ခြင်းမရှိတဲ့ ဧရိယာပေါ်သို့ ကျရောက်နိုင်မယ်လို့ ပညာရှင်များက တွက်ချက်ထားပါတယ်။ လူတွေရှိတဲ့ နေရာပေါ်ကိုလည်း ပြုတ်ကျလာနိုင်ပါတယ်။ ကမ္ဘာမြေကို ထိခတ်ဖို့ နာရီပိုင်းအလိုမှာတောင် ဘယ်နေရာကို ပြုတ်ကျမလဲဆိုတာကို တွက်ချက်လို့ မရပါဘူး။ ၁၉၇၉ ခုနှစ်မှာ နာဆာရဲ့ Skylab အာကာသစခန်းဟာ သြစတြေးလျမြေပေါ်နဲ့ ၁၉၉၁ ခုနှစ်မှာ ဆိုဗီယက်ယူနီယမ်ရဲ့ Salyut 7 အာကာသစခန်းဟာ အာဂျင်တီးနားမြေပေါ် ပြုတ်ကျခဲ့ပါတယ်။ ref : techradar

No comments