"နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူသို့ တင်ပြချက်"

Htay Win 8 hrs · "နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူသို့ တင်ပြချက်" ပြည်သူပြည်သားအားလုံးကျန်းမာချမ်းသာကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ဦးစွာပထမ ကျွန်မတို့ နိုင်ငံ လက်ရှိ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ နားလည်မှု အပြည့်အဝနဲ့ စည်းစည်းလုံးလုံး ကျွန်မတို့ အစိုးရကို ဝန်းရံပေးတဲ့ အတွက် အင်မတန်မှ ကျေးဇူးတင်ကြောင်း ပြောပါရစေ။ ပြည်သူရဲ့ ထောက်ခံမှု ပြည်သူရဲ့ ယုံကြည်မှု ပြည်သူရဲ့ ညီညွတ်မှုနဲ့ နှိုင်းယှဉ်နိုင်တဲ့ ဘာအင်အားမှ မရှိပါဘူး။ ဘယ်လိုအခက်အခဲတွေနဲ့ပဲ ကြုံတွေပါစေ ပြည်သူတွေရဲ့ ညီညွတ်မှု အင်အားနဲ့ ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်မတို့ ပြည်သူတွေ သိတဲ့အတိုင်းပဲ ယခင်နှစ် အောက်တိုဘာလ မှာ ရခိုင်ပြည်နယ် ရဲစခန်းများ အတိုက်အခိုက်ခံရမှုများ စတင်ခဲ့ပြီး ယခုနှစ်သြဂုတ်လအတွင်း ထပ်မံဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်များကြောင့် ဆက်လက်ကြီးထွားလာရတဲ့ ပြဿနာများအပေါ် ကမ္ဘာ့အာရုံစိုက်မှုက အင်မတန်မှ ကြီးမားပါတယ်။ ကျွန်မတို့ နိုင်ငံအပေါ် ဝေဖန်မှုတွေလည်းများပြားပါတယ်။ နိုင်ငံတကာရဲ့ အမြင်သဘောထားတွေကို ကျွန်မတို့ သိရှိနားလည်ဖို့လိုပါတယ်။ သို့သော်လည်း ကျွန်မတို့ နိုင်ငံရဲ့ အခြေအနေကို ကျွန်မတို့ ပြည်သူပြည်သားများလောက် ဘယ်သူကမှ မသိနိုင်သလို ကျွန်မတို့ နိုင်ငံ အေးချမ်းသာယာဖွံ့ဖြိုးရေးကို ကျွန်မတို့ ပြည်သူပြည်သားများလောက် ဘယ်သူကမှ မလိုလားနိုင်ပါဘူး။ဒါကြောင့် ဒီပြဿနာတွေကို ကျွန်မတို့တွေရဲ့ စုပေါင်းအင်အားတွေကို အဓိက ထားပြီး ဖြေရှင်းရမှာဖြစ်ပါတယ်။ ဒီအချိန်မှာ မြန်မာနိုင်ငံအနေနဲ့ လုပ်စရာရှိတာတွေကို ကိုယ်လုပ်သင့်တာတွေကို မှန်မှန်ကန်ကန် ရဲရဲတင်းတင်းထိထိရောက်ရောက် လုပ်ကိုင်နေဖို့ အရေးကြီးပါတယ်။ ကျွန်မတို့ လုပ်မယ်လို့ ပြောထားတဲ့ လုပ်ငန်းတွေ ကျွန်မတို့ လုပ်သင့်တယ်လို့ ခံယူထားတဲ့ လုပ်ငန်းတွေကို တိုးတက်အောင်မြင်ဖို့ ကျွန်မတို့ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ဝေဖန်ချက်တွေ စွပ်စွဲချက်တွေကို စကားနဲ့ တုံ့ပြန်ချေပနေတာထက် လက်တွေ့လုပ်ဆောင်ချက်တွေ တိုးတက်မှု ရလဒ်တွေနဲ့ ကမ္ဘာကို ပြသသွားဖို့ ကျွန်မတို့ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပေါ်ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေကတော့ အများကြီးဖြစ်ပါတယ်။ ဦးစားပေးလုပ်ငန်းစဉ်တွေ ပြန်ပြီးစိစစ်လိုက်မယ်ဆိုရင် အဓိက လုပ်ငန်းစဉ်ကြီး သုံးခုရှိနေပါတယ်။ ပထမကတော့ လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထိထိရောက်ရောက်ပေးအပ်ရေးနဲ့ ဒုက္ခသည်များ ပြန်လည်လက်ခံရေးဖြစ်ပါတယ်။ ဒုတိယကတော့ ပြန်လည်နေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေးဖြစ်ပါတယ်။ တတိယကတော့ ဒေသဖွံ့ဖြိုးရေးနဲ့ ရေရှည်ပဋိပက္ခ ကင်းဝေးရေးတို့ပဲ ဖြစ်ပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ထိထိရောက်ရောက်ပေးအပ်နိုင်ဖို့ လက်ရှိ အနေအထားကို ထပ်မံမြှင့်တင်ပြီး ဆောင်ရွက်ဖို့လိုပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိသွားတဲ့သူတွေ ပြန်လည်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကျွန်မတို့ ညှိနှိုင်းနေပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်း ကျွန်မတို့ နှစ်နိုင်ငံက ညှိနှိုင်းပြီး လက်ခံရေး ဆောင်ရွက်ခဲ့တာ နှစ်ကြိမ်တိုင်တိုင် အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီအစဉ်အလာကောင်းတွေကို အခြေခံပြီး တတိယအကြိမ်မြောက်ပူးပေါင်းဆောင်ရွက်မှု အောင်မြင်အောင်လို့ ကျွန်မတို့ ကြိုးပမ်းနေပါတယ်။ ပြန်လည်နေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာမယ့်သူတွေအတွက်သာမက ဒိုင်းနက်၊ မြို အစရှိတဲ့ ရှားပါး ဌာနေ တိုင်းရင်းသားတွေ ဟိန္ဒူ ဘာသာဝင်တွေ ရခိုင်တိုင်းရင်းသားတွေ အတွက် မူလအနေအထားကို ပြန်လည်ရောက်ရှိအောင် မူလအနေအထားထက် သာလွန်ကောင်းမွန်အောင် ရေရှည်တည်တံ့ ခိုင်မြဲမယ့် စီမံကိန်းကို ကျွန်မတို့ အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ နောင်အစဉ်အဆက် ပဋိပက္ခတွေ ကင်းဝေးစေဖို့အတွက် ဒေသဖွံ့ဖြိုးရေးနဲ့ရေရှည် ပဋိပက္ခ ကင်းဝေးရေးကိုလည်း ရေရှည်စီမံကိန်းတွေနဲ့ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ် တစ်ခုချင်းစီမှာ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေ အများအပြားရှိနေပါတယ်။ ပြည်တွင်းမှာ ရှိတဲ့ စီးပွားရေးလုပ်ငန်းစဉ်တွေ NGO တွေ CSO နဲ့ ပြည်သူတွေက တက်နိုင်သမျှ ပါဝင်ဆောင်ရွက်ပေးဖို့ တင်ပြထားတာ တွေလည်းရှိနေပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ ဆန္ဒပြုထားကြပါတယ်။ ပြည်ထောင်စု နိုင်ငံတော်အရေးဖြစ်လို့ ပြည်ထောင်စုအစိုးရ ပြည်နယ်တိုင်းအစိုးရ အဖွဲ့တွေ အနေနဲ့ ဦးဆောင်တာဝန်ယူရမှာဖြစ်သလို စိတ်ရင်းစေတနာအမှန်နဲ့ ပူးပေါင်းပါဝင်ဖို့ ပြည်တွင်းပြည်ပက ကမ်းလှမ်းချက်တွေကိုလည်း အလေးအနက်ထား စဉ်းစားသုံးသပ် ရပါလိမ့်မယ်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ကဏ္ဍစုံ လုပ်ငန်းစဉ်တွေမှာ နိုင်ငံတော်အစိုးရ၊ ပြည်သူပြည်သားများ ပုဂ္ဂလိက ကဏ္ဍ ပြည်တွင်း NGO နဲ့ CSO များ မိတ်ဖက်နိုင်ငံများ ကုလသမဂ္ဂ အေဂျင်စီများ၊ INGO များ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် ယန္တရားတစ်ရပ် ဖော်ဆောင်ရေး လိုအပ်ပါတယ်။ ဒီယန္တရားကို ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း(….) လို့ နာမည်ပေးထားပြီး နိုင်ငံတော်အစိုးရနဲ့အတူ ပြည်တွင်းပြည်ပ နိုင်ငံ အဖွဲ့အစည်းစုံ ပါဝင်နိုင်မှု ကဏ္ဍစုံ အလွှာစုံ ပါဝင်နိုင်မှု လုပ်ငန်းမျိုးစုံ ဆောင်ရွက်နိုင်မှုတို့အတွက် ရည်ရွယ်ပြီး ဖွဲ့စည်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ (ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း ) မှာ နိုင်ငံတော် အစိုးရ အနေနဲ့ ကျွန်မ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူမှာ ဖြစ်ပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒုတိယဥက္ကဋ္ဌ အဖြစ်တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒေါက်တာဝင်းမြတ်အေးဟာ ဒေါက်တာကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်များ အကောင်အထည်ဖော်ရေး ကော်မတီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တဲ့အလျောက် ရခိုင်ပြည်နယ်အတွက် ရေတိုရေရှည် လိုအပ်ချက် လုပ်ငန်းပေါင်းစုံကို ဆက်နွယ်၍ ထိရောက်စွာ ကျွန်မတို့တွေ အတူဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းတိုးတက်ဖွံ့ဖြိုးတဲ့ ရခိုင်ပြည်နယ်ဖြစ်ပေါ်လာရေးအတွက် လက်တွေ တိုးတက်မှုရလဒ်တွေနဲ့ ပြသဖို့ ကြိုးပမ်းဆောင်ရွက်မယ့် ဒီစီမံကိန်းဟာ ပြည်သူပြည်သားတွေ ပြည်တွင်းNGOတွေ CSO တွေ စီးပွားရေး လုပ်ငန်းရှင်ကြီးများတွေ ပူးပေါင်းပါဝင် ကြဖို့ အလေးအနက် မေတ္တာရပ်ခံပါတယ်။ လာမယ့်အပတ်ကစပြီး စီမံကိန်းအကောင်အထည်ဖော်တဲ့ အခါမှာ ကျွန်မတို့ ပြည်ထောင်စုကြီးတစ်ရပ်လုံးက ဆန္ဒ၊ ဝိရိယ၊ စိတ်ဓာတ် ပညာ အားတွေ စုပုံပြီး ထက်ထက်သန်သန် သတ္တိရှိရှိနဲ့ သမိုင်းမှတ်ကျောက်တင်ရလောက်အောင် သန့်ရှင်းမှန်ကန်တဲ့အစွမ်းတွေ ပြကြမယ်လို့ မျှော်လင့်ယုံကြည်ပါတယ်။ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ပံ့ပိုးကူညီပေးဖို့ ကမ်းလှမ်းထားတဲ့ နိုင်ငံတွေ ကုလသမဂ္ဂ အေဂျင်စီတွေ World Bank နဲ့ ADB လို ဘဏ္ဍာရေး အဖွဲ့အစည်းတွေ နီပွန်ဖောင်ဒေးရှင်းလို INGO အဖွဲ့အစည်းတွေ မိတ်ဆွေနိုင်ငံ တွေ ပါဝင်ကြဖို့လည်း ဖိတ်ခေါ်ထားပါတယ်။ ကျွန်မတို့ အဓိက အားကိုးနေတာကတော့ ကျွန်မတို့ ပြည်ထောင်စုရဲ့ သားသမီးတွေပါပဲ။ ပြည်တွင်းကသာမက ကမ္ဘာ့ဘယ်အရပ်ကိုပဲ ရောက်နေပါစေ မိခင်နိုင်ငံအပေါ်မှာ မေတ္တာသစ္စာ စောင့်ဆည်းကာ စိတ်ကောင်းစေတနာ နဲ့ ဝန်းရံကူညီကြလိမ့်မယ် ပြည်ထောင်စု မြန်မနိုင်ငံတော်ဟာ ရုပ်ပိုင်းဆိုင်ရာ အရ အင်အားမကြီးပေမယ့် စိတ်အင်အားတွေ စုစည်းပြီး အောင်မြင်မှု ရယူနိုင်လိမ့်မယ်ဆိုတာကို သံသယ မရှိပါဘူး။ ကျွန်မတို့ ပြည်သူပြည်သားများဟာ သဒ္ဒါတရားထက်သန်စွာနဲ့ လှူဒါန်းပေးကမ်းရာမှာတော့ ကမ္ဘာ့နံပတ်တစ်လို့ တောင်သတ်မှတ်ချင်းခံရပါတယ်။ ဒီသဒ္ဒါစိတ်တွေကို စည်းစနစ်နဲ့ သေချာစွာ ပြည်ထောင်စု အကျိုးအတွက် ကျွန်မတို့တတွေ သုံးစွဲသွားကြရမှာပါ။ ကျွန်မတို့ ပြည်ထောင်စုကြီး အေးချမ်းသာယာတိုးတက်ဖွံ့ဖြိုးစေဖို့ အကြီးမားဆုံးအင်အားဖြစ်တဲ့ ပြည်သူတွေဟာ ဘယ်လိုပဲ ဒေါသ အမုန်းတရားတွေ အနိုင်ကျင့်မှုတွေနဲ့ ရင်ဆိုင်နေရပါစေ မေတ္တာ၊ ကရုဏာ၊ မုဒိတာကို စွဲစွဲမြဲမြဲ ကိုင်ပြီး စိန်ခေါ်မှုများကို ကျော်သွားနိုင်မှာပါ။ ကျွန်မတို့ တွေဟာ နိုင်ငံရဲ့ ပထဝီဒေသ တစ်နေရာအတွက် လုပ်နေတာမဟုတ် ပြည်ထောင်စုတစ်ခုလုံးအတွက် လုပ်နေတာ ဆိုတဲ့ စိတ်ဓာတ်နဲ့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီထောက်ပံ့ရေး ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေး စီမံကိန်း အောင်မြင်ဖို့အတွက် ခိုင်မြဲစွာ လက်တွဲပြီး လုပ်သွားကြပါစို့။ ဘယ်လိုနည်းနဲ့ ကူညီနိုင်တယ် ဘယ်လိုဆက်သွယ်ပြီး လုပ်ဆောင်နိုင်တယ်ဆိုတာကို ဝဘ်ဆိုက်နဲ့တကွ နိုင်ငံတော် သတင်းမီဒီယာတွေမှာ အောက်တိုဘာလ ၁၅ရက်နေ့ တနင်္ဂနွေနေ့မှ စတင်ပြီး ကြေညာပါမယ်။ ကမ္ဘာတစ်လွှမ်းရောက်ရှိနေကြတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ သားသမီးများ ကျွန်မတို့နိုင်ငံတော်အပေါ် စေတနာထားသော မိတ်ဆွေများအနေနဲ့ အနီးဆုံး မြန်မာသံရုံး ကောင်စစ်ဝန်ချုပ်ရုံးများမှ တစ်ဆင့် ပါဝင်ကူညီနိုင်ရန်လည်းစီစဉ်ပါမယ်။ နိုင်ငံ့အင်အား ကျွန်မတို့ရဲ့ ယုံကြည်အားထားရာဖြစ်တဲ့ ပြည်သူပြည်သားအားလုံး ကျန်းမာချမ်းသာကြပါစေ။ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့ ထပ်မံဆုတောင်းလိုက်ပါတယ်။ ကောင်းကျိုးလိုရာဆန္ဒများနဲ့လည်း ပြည့်စုံကြပါစေ။ ကျေးဇူးတင်ပါတယ်။

No comments