"လာအိုဟာ မြန်မာကို ဘာကြောင့် ကျော်တက်သွားနိုင်သလဲ"

"လာအိုဟာ မြန်မာကို ဘာကြောင့် ကျော်တက်သွားနိုင်သလဲ" =============================== လူဦးရေ ၆ သန်းကျော်သာရှိပြီး မြေပြန့်နည်းပါး တောင်တွေပေါတဲ့ ကုန်းတွင်းပိတ်နိုင်ငံငယ်လေးဟာ အမြန်ဆုံး တိုးတက်လာတာ အံ့မခန်းပါပဲ။ နောက်ဆုံး ကျန်ရှိနေတဲ့ ကွန်မြူနစ်နိုင်ငံငယ်လေး တစ်ခုပေမယ့် အဓိက အားကောင်းတဲ့ နိုင်ငံခြား export၊ ဘီလီယံချီတန်တဲ့ အခြေခံ အဆောက်အဦးတွေဖြစ်တဲ့ ကျည်ဆံရထားလမ်းနဲ့ အမြန်လမ်းမကြီးများ၊ ရေအားလျှပ်စစ် စီမံကိန်းများကြောင့် ထူခြား ပြောင်မြောက်တဲ့ စီးပွားရေးတိုးတက်မှုနှုန်းကို ထိန်းထားနိုင်ခဲ့တယ်။ ဘီလီယံချီ ရင်းနှီးမြုပ်နှံမှုတွေကို တရုတ်၊ ထိုင်းနဲ့ ဗီယက်နမ်တို့မှ ရရှိခဲ့တယ်။ မြန်မာနိုင်ငံမှာတော့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုလာမယ့် နိုင်ငံတွေ များလှပေမယ့် ဟိုဟာကောင်းနိုးနိုး ဒီဟာ ကောင်းနိုးနိုး နဲ့ ချီတုံချတုံဖြစ်ပြီး တကယ်ကောင်းတဲ့ ကိုရီးယား samsung ရဲ့ ၄.၅ ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုတော့ လွဲခဲ့ရတယ်။ လာအိုဟာ ရေအားလျှပ်စစ်အပေါ်မှာ အသက်ရှုမှားလောက်အောင် ရည်မှန်းချက်ကြီးတွေရှိတယ်။ အမျိုးသား တံဆိပ်ထဲမှာ ဆန်စပါးနဲ့အတူ ရေကာတာကြီး တစ်လုံးပုံပါ ထည့်ထားတဲ့ အထိပဲ။ နိုင်ငံတွင်း ဆည်ကြီး ၁၃ လုံး ဆောက်ထားပြီး နောက်ထပ် အလုံး ၇၀ ထပ်ဆောက်မှာဖြစ်တယ်။ ၁၀၀၀ မီဂါဝပ် ထွက်တဲ့ နမ်သီယွန်-၂ ဆည်ကြီးဟာ ကမ္ဘာ့ဘဏ်နဲ့ ADB ဘဏ်က တစိတ်တပိုင်းထောက်ပံ့ခဲ့ပြီး ၂၀၁၀ မှာ စတင် လည်ပတ်တယ်။ ဒီဆည်က ၂၅ နှစ်အတွင်းမှာ လာအိုအတွက် ၂ ဘီလီယံ ဒေါ်လာကို ရှာဖွေပေးမှာဖြစ်တယ်။ ၂၀၂၀ အရောက်မှာတော့ လာအိုဟာ ၁၂,၅၀၀ မီဂါဝပ်ထွက်ဖို့ မျှော်လင့်တယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိထုတ်လုပ်မှုထက် ၄ ဆနီးပါးဖြစ်သွားမယ်။ မြန်မာနိုင်ငံမှာတော့ ဦးသိန်းစိန်လက်ထက် မြစ်ဆုံဆည်ကို US ထောက်ပံ့မှုတွေနဲ့ ကန့်ကွက်မှု အရှိန်ကောင်းခဲ့ပြီး ရပ်တန့်ခဲ့တယ်။ အခြား ရေအားလျှပ်စစ် စီမံကိန်းကြီးတွေလဲ ဝေလေလေကန့်ကွက်မှုတွေနဲ့ ပြီးမယ့်ရက် ဝေးခဲ့ရတယ်။ အဲကွန်းထဲမှာနေတဲ့သူတွေက ဖယောင်းတိုင်ထွန်းပြီးလဲ နေနိုင်တယ် ကြွေးကြော်သံတွေနဲ့ အတူ မြန်မာနိုင်ငံရဲ့ လင်းလက်မယ့်အနာဂတ်ဟာ ဝေးခဲ့တယ်။ တခါက အိပ်မောကျနေတဲ့ လာအို မြို့တော်ဖြစ်ခဲ့တဲ့ ဗီယင်တင်းဟာ အခုတော့ အသက်ဝင်လာပါပြီး။ စျေးကြီးတဲ့ စားသောက်ဆိုင်နဲ့ ဇိမ်ခံကားများပေါများလာပြီး လမ်းသွားလမ်းလာတွေ များပြားလာပါတယ်။ မာ့ခ်ဝါဒလွှမ်းမိုးတဲ့ နေရာမှာ အထက်တန်းလွှာလူတန်းစား ပေါ်ပေါက်လာနေပါတယ်။ မြန်မာမှာတော့ ကောင်းကျိုးပေးမှု နည်းတဲ့ ခရိုနီ လူတန်းစား ပေါ်ပေါက်လာတယ်။ တရုတ်ဟာ လာအိုကို ကျည်ဆံရထားစီမံကိန်းအတွက် ဒေါ်လာ ၄၈၀ ချေးပေးဖို့ သဘောတူညီခဲ့ကြတယ်။ ဒီ ကျည်ဆံရထားလမ်းဟာ စင်ကာပူအထိ ပေါက်မှာဖြစ်ပြီး ကူမင်းကနေ စင်ကာပူကို ၁၀ နာရီ အတွင်း ရောက်နိုင်ပါမယ်။ ဘန်ကောက်ကတော့ ရထားလမ်းရဲ့ လမ်းဆုံဖြစ်လာပြီး ကမ္ဘောဒီယားနဲ့ ဗီယက်နမ်ကို ထပ်ခွဲသွားလိမ့်မယ်။ လာအိုနိုင်ငံအတွင်း ပရောဂျက်တစ်ခုလုံး ၆ ဘီလီယံ ကုန်ကျမှာဖြစ်ပြီး တရုတ်က နှစ် ၂၀ ချေးငွေထုတ်ပေးကာ ပထမ ၅ နှစ်က ဆိုင်းငံ့ကာလဖြစ်ပါတယ်။ အတိုးနှုန်းကို ထုတ်မပြောပေမယ့် ၂% လို့ ခန့်မှန်းကြတယ်။ လာအိုဟာ ဒီအဆင့်ရောက်ဖို့ ခရီး ရှည်ကြီး ချီတက်ခဲ့ရပါတယ်။ ၁၉၈၆ ခု စီးပွားရေးကို ဗဟိုချုပ်ကိုင်မှု လျော့ချပြီး ပုဂ္ဂလိက ပိုင်ဆိုင်မှု အားပေးခဲ့ပြီးနောက်ပိုင်း ယခုဆိုရင် အင်အားကောင်းကောင်းနဲ့ စီးပွားရေးဟာ မှန်မှန်တိုးတက်နေပါပြီ။ နိုင်ငံတွင်း ပေါများလှတဲ့ ရေအားလျှပ်စစ်တွေနဲ့ နိုင်ငံတည်ဆောက်မယ်ဆိုတဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကြောင့်လည်း ဖြစ်တယ်။ ၁၉၉၅ မှာ လာအိုဟာ မီဂါဝပ် ၂၁၀ သာ ထုတ်နိုင်ရာက ယခုဆို မီဂါဝပ် ၅,၀၄၇ ထုတ်လုပ်နိုင်ပြီ။ မနှစ်ကထက် စာရင် လျှပ်စစ်ကို ၃၀% ပိုမို ထုတ်လုပ်နိုင်ခဲ့တယ်။ (နိုင်ငံသေးပေမယ့် မြန်မာ့ထက် ၁ ဆ ခွဲ ထုတ်နေပြီ) လျှပ်စစ် ပိုပြီးတင်ပို့လာနိုင်တာကြောင့် ကုန်သွယ်ရေး လိုငွေပြမှုဟာ လျော့နည်းလာခဲ့တယ်။ လာအို အစိုးရဟာ သူတို့နိုင်ငံကို အေဆီယံဘက်ထရီဖြစ်ရမယ်ဆိုတဲ့ ကြွေးကြော်တဲ့အတိုင်း လုပ်ဆောင်နေနိုင်ပါပြီ။ ဒီနှစ်ထဲမှာ မှာ ၁၈၇၈ မီဂါဝပ်ထွက်မယ့် ဟောင်ဂဆာ lignite ကျောက်မီးသွေးစက်ရုံကလည်း ပြီးစီးမှာဖြစ်တယ်။ (မြန်မာမှာတော့ တီကျစ်မှာ တိုးချဲ့ မွမ်းမံမယ့် lignite ကျောက်မီးသွေးစက်ရုံကတော့ ကန့်ကွက်မှုကြောင့် ရပ်ထားရတယ်) ၂၀၂၀ မှာ လာအိုရဲ့ ၉၅% ဟာ လျှပ်စစ်ကို အသုံးပြုနိုင်ကြတော့မယ်။ တောင်တန်းပေါများတဲ့ နိုင်ငံရဲ့ မြောက်ဘက်ကို High Voltage Grid တွေ သွယ်တန်းနေပြီ။ (မြန်မာမှာတော့ ဆိုလာ ပြားလေးတွေနဲ့ နှစ်သိမ့်ထားရတယ်) အစိုးရဟာ တောရွာတွေကို လျှပ်စစ်တွေရလာတာနဲ့ တပြိုင်နက် ကုန်ထုတ်လုပ်ငန်းတွေ ဘယ်လိုလုပ်ရမယ်ဆိုတာ ကူညီပေးဖို့ ရှိပါတယ်။ တရုတ်ရင်းနှီးမြုပ်နှံမှု များလာတာနဲ့အညီ လာအို လူငယ်တွေဟာ တရုတ်စာ လေ့လာလာခဲ့ကြတယ်။ စီးပွားရေး ကျောင်းသား လာသီဒါက “တရုတ်စာတတ်ရင် တရုတ်ကုမ္ပဏီကြီးတွေမှာ လုပ်ဖို့ ပိုအဆင်ပြေတယ်” လို့ နယူးယောခ်တိုင်း သတင်းစာကို ပြောပြတယ်။ မြန်မာက စိုက်ပျိုးရေးကဏ္ဍ မှာ FDI ၁% ပဲ ရတဲ့ အချိန်မှာ လာအိုကတော့ ၃၆% ကျော် ရထားတယ်။ လာအိုရဲ့ အများဆုံး နိုင်ငံခြားပို့ကုန်ကတော့ ကော်ဖီဖြစ်တယ်။ လျှပ်စစ် ထုတ်လုပ်မှု အတွက် ရင်းနှီးမြုပ်နှံမှုက ၄၅% လောက်ရှိတယ်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကို ဆွဲဆောင်ရာမှာ ကုန်ထုတ်လုပ်မှုအတွက်သုံးဖို့ သွင်းကုန်တွေကို tax မကောက်ဘူး၊ Export လုပ်ငန်းတွေအတွက် ဂျူတီ မကောက်ဘူး၊ အခွန် ကင်းလွတ်ခွင့် ၁၀ နှစ်လောက်ထိ ပေးတာတွေ ရှိတယ်၊ စီမံကိန်းကြီးတွေအတွက် tax ကို လျော့ချပေးတယ်၊ ပညာရေးနဲ့ ကျန်းမာရေးအတွက် ရင်းနှီးမြုပ်နှံမှုကို အထူး အခွင့်အရေးပေးတယ်။ ၂၀၁၆ ခုမှာ အေဆီယံရဲ့ ဥက္ကဌ ရာထူးကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး ဒေသတွင်းနဲ့ ကမ္ဘာ့စီးပွားရေး မှာ ပိုမို ပတ်သက်လာနိုင်ခဲ့တယ်။ သွင်းကုန်ထုတ်ကုန်နဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ပိုမို လွတ်လပ်ခွင့်ပေးနိုင်ခဲ့ပြီး ရင်းနှီးမြုပ်နှံမှုနဲ့ ကျွမ်းကျင် လုပ်သားများကို ပိုမို ဆွဲဆောင်နိုင်ခဲ့တယ်။ ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက်များကို လာအိုက ကောင်းစွာ အကောင်အထည်ဖော်နိုင်တယ်။ ဆင်းရဲမွဲတေမှု ထက်ဝက်လျော့သွားစေခြင်း၊ ငတ်မွတ်ခေါင်းပါးမှု လျော့ချနိုင်ခြင်း၊ ပညာရေး အဆင့်မြင့်လာခြင်းနဲ့ ကျန်းမာရေး ရလာဒ်များ တိုးတက်ခြင်းတို့ ဖြစ်စေခဲ့တယ်။ ၂၀၁၆ ထဲမှာ ကမ္ဘာ့ဘဏ်က စီမံကိန်း ၁၉ ခုအတွက် ဒေါ်လာ ၄၂၇ သန်း ထောက်ပံ့ဖို့ ကတိပြုခဲ့တယ်။ ၂ နှစ်သက်တမ်းသာရှိပြီး ကမ္ဘာ့အသေးဆုံး စတော့မားကတ် ပိုင်ဆိုင်ထားတဲ့ လာအိုဟာ တသမတ်တည်းဖြစ်တဲ့ ၈% GDP တိုးတက်မှုကို ဆယ်စုနှစ် တစ်ခုလုံးရရှိခဲ့တယ်။ လာအိုဟာ တွေဝေမှုမရှိဘဲ အိမ်နီးချင်းဖြစ်တဲ့ ကမ္ဘာ့ စီးပွားရေး ဒုတိယအကြီးဆုံးနိုင်ငံရဲ့အားကို ရယူနိုင်ခဲ့ခြင်းကြောင့် ရလာဒ်ကောင်းကို ဖော်ဆောင်နိုင်ခဲ့တာဖြစ်တယ်။ ဘယ်လိုမှ မထင်မှတ်တဲ့ ကုန်းတွင်းပိတ်နဲ့ သယံဇာတ နည်းပါးတဲ့ လာအိုလိုနိုင်ငံငယ်လေးဟာ မြန်မာနိုင်ငံကို ကျော်တက်နိုင်တာ အံ့သြကုန်နိုင်ဖွယ်ရာ ဖြစ်ပျက်ခဲ့တာပါပဲ။ မြန်မာနိုင်ငံအတွက်တော့ အနူလက်သီး အထိုးခံရတာပဲ။ (စကားပုံ) မနှစ်က လာအို - တစ်ဦးချင်း ဂျီဒီပီ ဒေါ်လာ ၃,၁၀၀ ရှိတဲ့ အချိန်မှာ မြန်မာ - တစ်ဦးချင်း ဂျီဒီပီ ဒေါ်လာ ၁,၇၁၁ ရှိသေးပြီး ၂ ဆ နီးပါး ကွာဟနေတယ်။ မြန်မာကတော့ စီးပွားရေးခန့်ခွဲမှု လွဲမှားခြင်း၊ နိုင်ငံခြားမုန်းတီးမှု စိတ်နဲ့ စီမံကိန်းကြီးတွေ ကန့်ကွက်နေခြင်း၊ ခရိုနီကြီးတွေဟာလည်း ယှဉ်ပြိုင်ရခက်တဲ့ နိုင်ငံတကာပြိုင်ဘက်တွေကို ပိတ်ဆို့ပြီး လက်ဝါးကြီးအုပ်လိုခြင်းတို့ကြောင့် လာအိုကို လိုက်မှီဖို့ ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။ Credit---

No comments