ငြိမ်းချမ်းရေးအတွက် နောက်ဆုတ်မည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

"ပြည်သူများ၏ မျှော်လင့်ချက်ဖြစ်သော ငြိမ်းချမ်းရေးအတွက် နောက်ဆုတ်မည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော " ပြည်သူများ၏ မျှော်လင့်ချက်ဖြစ်သော ငြိမ်းချမ်းရေးအတွက် နောက်ဆုတ်မည်မဟုတ်ဟု တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ "ယခု NCA လက်မှတ်ထိုးပြီး နှစ်နှစ်ပြည့်အခါသမယကို ရောက်ရှိခဲ့ပါပြီ။ နောက်ပြန်ဆုတ်ဖို့ရာမရှိပါဘူး။ ရှေ့သို့ရောက်အောင် ခရီးပေါက်အောင် ဆက်ပြီးလျှောက်လှမ်းဖို့ပဲ ရှိပါတယ်။ ဒီကြားထဲမှာ အခက်အခဲ အမျိုးမျိုး စိန်ခေါ်မှု အဖုံဖုံ ကြုံတွေ့လာရင်လည်း အပြန်အလှန် ရိုင်းပင်းစာနာမှုနဲ့ ဖေးမကူညီကြပါစို့လို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကို ဆောင်ကျဉ်းနိုင်မယ့် ဖက်ဒရယ်ပြည်ထောင်စုကြီး ဘယ်တော့ရမလဲဆိုတာ ကျွန်မတို့ အားလုံးအပေါ်မှာပဲ မူတည်နေပါတယ်။ သမိုင်းက ပေးအပ်လာတဲ့ အခွင့်အရေးကို ကျွန်မတို့ ထိထိမိမိ မှန်မှန်ကန်ကန် မဆုပ်ကိုင်နိုင်လို့ ပြည်သူတွေဟာ မိမိတို့ မျှော်လင့်ချက်တွေ ပြည့်ဖို့ရာ ပင်ပန်းကြီးစွာ ဆက်လက်စောင့်ဆိုင်းရခြင်းမျိုး မဖြစ်စေချင်ပါဘူး။ ဒီကနေ့ အခမ်းအနားက ရှေ့လာမယ့် ငြိမ်းချမ်းရေးခရီးအတွက် အားသစ်အင်သစ် ခွန်အားသစ်တွေ နဲ့ ခြေလှမ်းသစ်တွေ ညီညာစွာ လျှောက်လှမ်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်ပါတယ်" ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့မှ ခေါင်းဆောင်များ၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ သံတမန်များ တက်ရောက်လျက်ရှိသည်။ အဆိုပါ နှစ်ပတ်လည်အခမ်းအနားကို နေပြည်တော်ရှိ MICC - 1 ၌ အောက်တိုဘာ ၁၅ရက် နံနက် ၁၀နာရီမှ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဦးစွာ မိန့်ခွန်းပြောကြားခဲ့သည်။ နှစ်ပတ်လည်နေ့အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ တို့မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

No comments