ဘယ်မောင်းများသာ တင်သွင်းခွင့်ပြုမည်ဆိုခြင်းကြောင့်

ဘယ်မောင်းများသာ တင်သွင်းခွင့်ပြုမည်ဆိုခြင်းကြောင့် ကားဈေးတက် ဘယ်မောင်းများသာ တင်သွင်းခွင့်ပြုတော့မည်ဆိုသည့် ထုတ်ပြန်ချက်တစ်ခု မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး အသင်းချုပ် (MAMDA) ထံမှ ထွက်ပေါ်လာပြီးနောက် ဂျပန်လေလံ မော်တော်ယာဉ် ဈေးနှုန်းများ ထိုးတက်သွားကြောင်း မော်တော်ယာဉ် ဈေးကွက်အတွင်းမှ သိရသည်။ ထိုထုတ်ပြန်ချက်တွင် တစ်ဦးချင်း ပါမစ်၊ ယာဉ်အိုယာဉ်ဟောင်း အစားထိုး ပါမစ် (စလစ်ကပ်) မော်တော်ယာဉ်များ အပါအဝင် မော်တော်ယာဉ် ပါမစ်များ အားလုံးကို ဘယ်မောင်းများအဖြစ်သာ တင်သွင်းရမည်ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။ “လေလံဈေးက ခြုံပြီးပြောမယ်ဆိုရင် ယန်းဈေးနဲ့ဆိုရင် အရင်ကထက် ၁၀ ရာခိုင်နှုန်းလောက် တက်သွားတယ်”ဟု ဂျပန်လေလံဈေးကွက် ကျွမ်းကျင်သည့် ကားဝယ်ရောင်း ဦးသန့်ဇင်လင်းက ပြောဆိုသည်။ ဂျပန်လေလံဈေးကွက်အတွင်း စလစ်ကပ် မော်တော်ယာဉ်များ၏ ဈေးနှုန်းနှင့် မီနီထရပ်ကားလေးများ၏ ဈေးနှုန်းများ အဓိက မြင့်တက်လာပြီး ပြီးခဲ့သည့် ရက်ပိုင်းကထက် လေလံဈေး ယန်းတစ်သိန်း (ကျပ် ၁၂ သိန်းကျော်) မှ ယန်း လေးသိန်းခန့် (ကျပ် ၄၉ သိန်းခန့်) အထိ မြင့်တက်ကြောင်း ဂျပန်လေလံဈေးကွက်အတွင်းမှ သိရသည်။ ယခင်က ပြည်တွင်း၌ စလစ်ဈေး မြင့်တက်နေပါက ဂျပန်လေလံဈေးကို ချ၍ဆွဲကြသော်လည်း ယခုကာလမှာ ထိုသို့ပြုလုပ်နိုင်ခြင်းမရှိဘဲ ကားမူဝါဒ အခြေအနေကြောင့် လေလံဈေးကို ချဆွဲနိုင်ခြင်း မရှိသည့်အပြင် ဈေးနှုန်းပါ ထပ်မံ မြင့်တက်နေသည့်အတွက် ကားဈေးနှုန်းများမှာ အတက်ဖြင့်သာ ရင်ဆိုင်နေရကြောင်း ကားဝယ်ရောင်းများက ဆိုသည်။ ထို့ကြောင့် ကားဈေးကွက်အတွင်း ကားရောင်းလိုသူမှာလည်း ရှားပါးပြီး ဝယ်ယူသူတို့မှာလည်း ဈေးမြင့်ခြင်းကြောင့် အဝယ်မရှိဖြစ်နေကာ တစ်ပတ်ရစ် မော်တော်ယာဉ်များကို ဝယ်ရောင်းအချို့က လိုက်လံဝယ်ယူ စုဆောင်းလျက်ရှိကြောင်း မော်တော်ယာဉ် ဈေးကွက်အတွင်းမှ သိရသည်။ မော်တော်ယာဉ် ဈေးကွက်တွင် ၂၀၁၈ ကားမူဝါဒ ထုတ်ပြန်ခြင်းကို စောင့်ဆိုင်းနေခြင်းကြောင့် အရောင်းအဝယ် ပြုလုပ်သူ ရှားပါးလျက်ရှိပြီး ယခုကဲ့သို့ အစိုးရဌာနနှင့် နီးစပ်ပြီး မြန်မာနိုင်ငံရှိ မော်တော်ယာဉ် အသင်းများထဲတွင် အင်အား အကြီးဆုံးနှင့် လူအများ ယုံကြည်မှုရှိသည့် အသင်းချုပ်က ထုတ်ပြန်ခြင်းကြောင့် တစ်မုဟုတ်ချင်း လေလံဈေးနှုန်းများမြင့် တက်သွားရခြင်း ဖြစ်သည်။ ယင်းမော်တော်ယာဉ် မူဝါဒနှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက “ကျွန်တော်တို့ တရားဝင်ထုတ် ပြန်ပေးမှာပါ”ဟုသာ ပြန်လည် ဖြေကြားသည်။ သို့သော် အောက်တိုဘာလ မကုန်မီ ကာလအတွင်း တရားဝင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ ၂၀၁၈ ခုနှစ် ကားတင်သွင်းခွင့် သတ်မှတ်ချက်ကို မော်တော်ယာဉ် တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီက တရားဝင် ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ပြင်ပမှ ကြားသိရသော ခန့်မှန်း သတင်းများအရ လူစီးမော်တော်ယာဉ်များ အနေနှင့် Free Permit ဖြင့် ၂၀၁၆၊ ၁၇၊ ၁၈ ကို ဘယ်မောင်း၊ စလစ်ကပ်ဖြင့် ၂၀၁၄ နှင့်အထက်ကို ဘယ်မောင်း၊ ဌာနဆိုင်ရာနှင့် သာသနာရေးနံပါတ်များကိုလည်း ဘယ်မောင်းများအဖြစ်သာ တင်သွင်းရမည်ဖြစ်သည်ဟု ကြားသိနေရကြောင်း MAMDA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဂျပန်လေလံဈေးကွက်အတွင်း လူကြိုက်များပြီး အဆွဲများသည့် မော်တော်ယာဉ်များဖြစ်သည့် Honda Fit Shuttle (မော်ဒယ်လ် ၂၀၁၁-၁၂- ပရီမီယံ ဂရိတ်) တစ်စီးလျှင် ယခင်က ဂျပန် ယန်း ခြောက်သိန်း (ကျပ် ၇၃ သိန်းကျော်) မှ ယခုအခါ ယန်းရှစ်သိန်း (ကျပ် ၉၈ သိန်းခန့်) သို့လည်းကောင်း၊ Toyota Vanguard (မော်ဒယ်လ် ၂၀၁၁) တစ်စီးလျှင် ယခင်က ယန်း ၁၆ သိန်းခန့်(ကျပ် ၁၉၅ သိန်းကျော်) မှ ယခုအခါ ယန်းသိန်း ၂၀ ခန့် (ကျပ် ၂၄၅ သိန်းခန့်) သို့လည်းကောင်း၊ Hijet (မော်ဒယ်လ် ၂၀၁၁-၁၂) တစ်စီးလျှင် ယခင်က ယန်းသုံးသိန်းခန့် (ကျပ် ၃၆ သိန်းကျော်) မှ ယခုအခါ ယန်းခုနစ်သိန်းခန့် (ကျပ် ၈၅ သိန်းကျော်) သို့လည်းကောင်း ဈေးနှုန်းများ မြင့်တက်ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။ =========== The Voice http://thevoicemyanmar.com/news/12850-bmc

No comments