ဒို့ သမ္မတကြီး

NCA စာချုပ်ရေးထိုးခြင်း နှစ်နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်ရန် သမ္မတဟောင်း ဦးသိန်းစိန်အား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ သီးခြားသွားရောက် ဖိတ်ကြား အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့တို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ရေးထိုးခြင်း နှစ်နှစ်ပြည့်အခမ်းအနားကို အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MICC-1) တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ NCA စာချုပ်ကို ယခင်သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ထိုသို့ နှစ်နှစ်ပြည့်အခမ်းအနား ကျင်းပရန်အတွက် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့တို့ အောက်တိုဘာ ၁၀ ရက်က နေပြည်တော်တွင် aတွ့ဆုံaဆွးနွေးခဲ့ပြီး ဆွေးနွေးမှုအခြေအနေ ကောင်းမွန်ကြောင်း ကိုယ်စားလှယ်အဖွဲ့တွင်ပါဝင်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။ “ယေဘူယျအားဖြင့်တော့ အခြေအနေအားလုံးကောင်းပါတယ်။ NCA ဆိုတာက Joint Partanership ဆိုတော့ အစိုးရနဲ့ ကျွန်တော်တို့ လက်နက်ကိုင်တွေ ပူးပေါင်းပိုင်ဆိုင်တဲ့နေ့ဖြစ်နေတော့ ပူးတွဲကျင်းပဖို့ဆိုတဲ့မူရပါတယ်။ ဒါကြောင့် ပူးတွဲကျင်းပတဲ့နေရာမှာ ကျွန်တော်တို့ ဖိတ်ကြားစေချင်တဲ့သူတွေစာရင်း။ သူတို့စာရင်းပေါ့ဗျာ။ ညှိနှိုင်းအရေအတွက်၊ ဦးရေအကန့်အသတ်စသည်ဖြင့်ပေါ့။ သိပ်တော့မကွာဘူး။ ဒါကြောင့်အလုပ်ကစောပြီးသွားတယ်။ အစိုးရဘက် မနေ့ကပြင်ဆင်ရေးကော်မတီက စဉ်းစားထားတာအားလုံးက ကျွန်တော်တို့အဆိုပြုတင်ပြတာနဲ့ တစ်ထပ်တည်းဖြစ်နေတယ်။ အဲဒါဆို ပြဿနာမရှိတော့ဘူး။ မနှစ်ကလည်း ဒီလိုမျိုးဖိတ်ကြတာကိုး။ သိပ်တော့မကာကွယ်ဘူး” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။ ထို့ပြင် နှစ်နှစ်ပြည့်အခမ်းအနား ကျင်းပရေးအတွက် လာရောက်ဆွေးနွေးသည့် တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၀ ရက်တွင် နေပြည်တော်၌ သမ္မတဟောင်းဦးသိန်းစိန်ကိုလည်း သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။ “သမ္မတကြီးကတော့ သူ့လက်ထက်မှာစာချုပ်က ကျွန်တော်တို့က လက်မှတ်ထိုးခဲ့တာကိုး။ ဒါကြောင့် သူ့လက်ထက်မှာထိုးခဲ့တာဖြစ်တဲ့အတွက် နှစ်နှစ်ပြည့်ခါနီးမှာ ၀င်ရောက်ပြီးတော့ ဂါရ၀ပြုတဲ့သဘောပါ။ နောက်ပြီးတော့ ကျွန်တော်တို့ ကျင်းပရေးကော်မတီက ဖိတ်တာတစ်ပိုင်းပေါ့ဗျာ။ ကျွန်တော်တို့တိုင်းရင်းသားတွေကလည်း လှိုက်လှိုက်လှဲလှဲ ဖိတ်တဲ့အကြောင်းပေါ့။ ထပ်လောင်းပြီးဖိတ်တဲ့အကြောင်းပေါ့။ ဘာပဲပြောပြော ကျွန်တော်တို့ တိုင်းရင်းသားတွေနဲ့ သမ္မတကြီး ပူးပေါင်းဆောင်ရွက်တာလွန်ခဲ့တဲ့ သက်တမ်းမှာလုပ်ခဲ့တာကိုး။ အဲဒါကို ပြန်လည်အမှတ်ရစေတဲ့အနေနဲ့ ကျွန်တော်တို့လည်းပဲ ထပ်လောင်းဖိတ်ကြားတဲ့အကြောင်း ဒါလည်းသွားပြီးသတင်းပို့တာပါ။ (အခမ်းအနားတက်၊ မတက်) အဲဒီလိုတော့မပြောသေးဘူးဗျ။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဖိတ်စာနှစ်ထပ်ကိုး။ ကျွန်တော်တို့ဖိတ်စာရော၊ အစိုးရဖိတ်စာရော ဘာပဲဖြစ်ဖြစ် သမ္မတကြီးကတော့ အားလုံးပြန်ဆုံမယ့်ပွဲဆိုတော့ တက်လိမ့်မယ်လို့တော့ ကျွန်တော်ယူဆတာပေါ့ဗျာ” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။ NCA စာချုပ် တစ်နှစ်ပြည့်အခမ်းအနား ကျင်းပစဉ်က အစိုးရဘက်မှ သမ္မတဟောင်း ဦးသိန်းစိန်ကို ဖိတ်ကြားမှုရှိခဲ့သော်လည်း အခမ်းအနားသို့ တက်ရောက်ခဲ့ခြင်းမရှိပေ။ ထို့အတူ NCA တစ်နှစ်ပြည့်အခမ်းအနား ကျင်းပစဉ်က ခေါင်းဆောင်များသာ စကားပြောကြားသည့် အစီအစဉ်ပါဝင်ပြီး ယခုကျင်းပမည့် NCA နှစ်နှစ်ပြည့်အခမ်းအနားတွင် ခေါင်းဆောင်များသာမကာ လုပ်ငန်းကော်မတီကလည်း လုပ်ဆောင်ချက်များသုံး သပ်တင်ပြမည့်အစီအစဉ် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ “UPDJC ကလည်း သူရဲ့လုပ်ဆောင်ချက်တွေကို တင်ပြတာတို့၊ JMC ကလည်း သူရဲ့လုပ်ဆောင်ချက်တွေကို သုံးသပ်တင်ပြတာတို့စသည်ဖြင့် နောက်ပြီးတော့ ကျွန်တော်တို့ နှစ်ဖက်တွဲပြီးတော့ အခြေအနေကို ပူးတွဲပြီးတော့ ကြေညာတာတို့အဲဒါမျိုးပေါ့ဗျာ။ တန်းတူရည်တူ ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ သဘောကိုပေါ်အောင်ပေါ့။ အဲဒါတော့ ဒီနှစ်က နည်းနည်းထူးခြားတာပေါ့” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။ ထို့အတူ NCA ရေးထိုးစဉ်က သက်သေအဖြစ် ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စတာဗီဂျေးနမ်ဘီးယားပါဝင်သဖြင့် နှစ်နှစ်ပြည့်အခမ်းအနားတွင်လည်း ကုလသမဂ္ဂနိုင်ငံရေးကဏ္ဍမှ ကိုယ်စားလှယ်တစ်ဦးကို ဖိတ်ကြားရန်ရှိပြီး ပွဲကျင်းပရက်နီးနေသဖြင့် အချိန်မီ၊ မမီ မသိရှိကြောင်း ၎င်းကပြောကြားသည်။ NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ရှစ်ဖွဲ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ DKBA၊ KNU/KNLA(PC)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ဖြစ်သည်။ writer: ကျော်ဇင်ဝင်း NCA စာချုပ်ရေးထိုးခြင်း နှစ်နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်ရန် သမ္မတဟောင်းဦးသိန်းစိန်အား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ကိုယ်စားလှယ်အဖွဲ့ သွားရောက်တွေ့ဆုံဖိတ်ကြားစဉ် (ဓာတ်ပုံ-Sai Laeng Facebook)

No comments