နိုင်ငံခြားမီဒီယာအချို့အနေဖြင့် ဟိန္ဒူလူမျိုးတို့ကို "ရိုဟင်ဂျာဟိန္ဒူ"ဟူ၍ ခေါ်ညွှန်းသုံးစွဲခြင်းမပြုရန် ဟိန္ဒူအဖွဲ့ချုပ်တိုက်တွန်း

နိုင်ငံခြားမီဒီယာအချို့အနေဖြင့် ဟိန္ဒူလူမျိုးတို့ကို "ရိုဟင်ဂျာဟိန္ဒူ"ဟူ၍ ခေါ်ညွှန်းသုံးစွဲခြင်းမပြုရန် ဟိန္ဒူအဖွဲ့ချုပ်တိုက်တွန်း ရန်ကုန်၊ အောက်တိုဘာ ၁ ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ ရက်စက်စွာသတ်ဖြတ်ခြင်းကြောင့် သေဆုံးခဲ့ကြရသူများအတွက် ဟိန္ဒူဓလေ့အရ ဆုတောင်းခြင်းအစီအစဉ်ကို ယနေ့ပြုလုပ်ခဲ့သည်။ ယင်းအစီအစဉ်တွင် ကြေညာချက်တစ်ရပ်ကိုထုတ်ပြန်ခဲ့ရာ နိုင်ငံခြားမီဒီယာအချို့သည် ဟိန္ဒူလူမျိုးတို့ကို "ရိုဟင်ဂျာဟိန္ဒူ"ဟူသော ဝေါဟာရအသစ်ဖြင့် ခေါ်ဆိုနေကြသည်ကို သတိထားမိကြောင်း၊ ထိုဝေါဟာရသည် မြန်မာနိုင်ငံရောက် ဟိန္ဒူဘာသာဝင်များ၏ သမိုင်းကြောင်းနှင့် ဟိန္ဒူဗဟိုကောင်စီ စည်းမျဉ်းပါ လူမျိုး(၁၀)မျိုးတွင် ပါဝင်ခြင်းလည်းမရှိပါကြောင်း၊ လူတချို့က ပြည်ပနိုင်ငံများကို လှည့်ဖြားရန်အတွက် လုပ်ကြံဖန်တီးထားခြင်းသာဖြစ်သဖြင့် ထိုသို့ ခေါ်ညွှန်းသုံးစွဲခြင်းမပြုရန် တိုက်တွန်းကြောင်း ရေးသားထားခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ယခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှ စတင်၍ဖြစ်ပွားခဲ့သော အကြမ်းဖက်ဖြစ်စဉ်များဝယ် ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက ဒေသခံတိုင်းရင်းသားများ၊ ပြည်သူ့ဝန်ထမ်းများနှင့် ဟိန္ဒူဘာသာဝင်တို့ကို ရက်စက်စွာသတ်ဖြတ်ခဲ့ခြင်းကြောင့် သေဆုံးခဲ့ကြရသူများအတွက် ဝမ်းနည်းကြေကွဲခြင်းနှင့် ဟိန္ဒူဓလေ့အရ ဆုတောင်းခြင်းတို့ကို သနန္တန ဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်တို့က ဦးစီး၍ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သျှရီ ဘူသ်နာသ်မဟာဒေဝ ဘုရားကျောင်း တွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းအခမ်းအနားဝယ် သနန္တန ဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်တို့က ကြေညာချက်တစ်စောင်ကိုလည်း ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်ဝယ် ARSA အကြမ်းဖက်တို့၏ လုပ်ရပ်နှင့် ယင်းအုပ်စုကို ပြင်းထန်စွာရှုံ့ချကြောင်း၊ သေဆုံးသူများ၏ မိသားစုများနှင့် ထပ်တူ ဝမ်းနည်းကြေကွဲပါကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အစိုးရနှင့်လက်တွဲ၍ လုပ်ကိုင်လိုပါကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်ကို မျက်ကွယ်ပြုရေးသားနေကြသော နိုင်ငံတကာအဖွဲ့အစည်းအချို့နှင့် နိုင်ငံတကာ သတင်းမီဒီယာတို့အား ဝေဖန်ရှုံ့ချပါကြောင်း၊ နိုင်ငံခြားမီဒီယာများအချို့အနေဖြင့် "ရိုဟင်ဂျာဟိန္ဒူ"ဟု ဝေါဟာရအသစ်ဖြင့် ခေါ်ဆိုနေခြင်းမပြုကြပါရန် တိုက်တွန်းကြောင်း၊ ဘာသာပေါင်းစုံမှ ညီအစ်ကိုမောင်နှမများနှင့် အမုန်းမပွား မေတ္တာမပျက် ဆက်လက်နေထိုင်သွားကြမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းရှိ ဟိန္ဒူဘာသာဝင်များအနေဖြင့်လည်း ယခုကဲ့သို့ ဆုတောင်းပွဲများပြုလုပ်ကြပါရန်တိုက်တွန်းကြောင်းနှင့် နိုင်ငံတကာသတင်းဌာနများက မေးမြန်းလာသည့်အခါတွင် မိမိတို့မှီတင်းနေထိုင်ရာ တိုင်းပြည်အပေါ်သစ္စစောင့်သိကာ အမှန်တရားကိုသာ ရဲရဲဝံ့ဝံ့ပြောဆို အသိပေးကြပါရန် တိုက်တွန်းကြောင်းတို့ကို ရေးသားဖော်ပြထားသည်။ PN ဓာတ်ပုံ - အောင်နိုင်စိုး(ကစ္ဆပ)

No comments