မြက်ထမ်းလုလင်များသို့

မြက်ထမ်းလုလင်များသို့ ********************* မြက်ထမ်းလုလင် တစ်ခါတုန်းကပေါ့ကွယ်။ မင်းသားတစ်ပါးဟာ တက္ကသိုလ်ကျောင်းတော်ကြီးမှာ ပညာသင်ကြားပြီး သူ့တိုင်းပြည်ကြီးကို ပြန်လာခဲ့သတဲ့။ သူ့တိုင်းပြည်ကို ပြန်လာတဲ့ လမ်းခုလတ်မှာ သိပ်ကို ကောင်းတဲ့ မြက်ခင်းကြီးကို တွေ့တဲ့အခါ ဒီလိုမြက်မျိုး သူ့တိုင်းပြည်မှာ မရှိသေးဘူး၊ ယူသွားပြီးစိုက်ရမယ်၊ ပြီးရင် ပြန်ရောင်းစားရမယ်လို့ တွေးသတဲ့။ ဒီလိုနဲ့ မြက်ပင်တွေကို ရသလောက်ရိတ်လိုက်တာ မြက်ထုံးကြီး ရှစ်ထုံးရသတဲ့။ မင်းသားလည်း မြက်ထုံးကြီး ရှစ်ထုံးကို သယ်မယ်ဆိုပြီး တုတ်ရှည်တစ်ချောင်းမှာ မြက်ရှစ်ထုံးလုံးကို ချည်ပြီး သယ်ဖို့ ပြင်တယ်။ မြက်ရှစ်ထုံးကို တုတ်ရှည်ရဲ့ တစ်ဖက်တည်းမှာပဲ ထားတဲ့အတွက် မင်းသားက သယ်ဖို့အတော်ကို ခက်နေတာတဲ့။ ဒီတော့ သူက စဉ်းစားတယ် မြက်ရှစ်ထုံးနဲ့ အလေးချိန်တူတဲ့ ကျောက်ခဲတစ်တုံးကို တုတ်ရှည်ရဲ့ တခြားဘက်မှာ ချည်ပြီးသယ်ရင်တော့ အလေးချိန်ညီလို့ သယ်ရတာ ပိုအဆင်ပြေမယ်ပေါ့။ ဒီလိုနဲ့ အလေးချိန်တူတဲ့ ကျောက်တုံးတစ်တုံးကို ရအောင်ရှာပြီး တုတ်ရှည်ရဲ့ ထိပ်မှာ မြက်ထုံးတွေကိုထား၊ တခြားဘက်မှာ ကျောက်တုံးကို ချည်ပြီး ခရီးဆက်ထွက်လာခဲ့တယ်။ လမ်းခုလတ်တစ်နေရာမှာ ဇရပ်တစ်ဆောင်ကို မြင်တာနဲ့ နားမယ်ဆိုပြီး ဝင်လာလိုက်တာ ဇရပ်ရဲ့ တိုင်တစ်တိုင်ကို မှီပြီး ငိုက်နေတဲ့ လူတစ်ယောက်က မင်းသားခြေသံကြောင့် လန့်နိုးလာပြီး မင်းသားကို ကြည့်ကာ ဒီလိုမေးလိုက်ပါတယ်။ “ နောင်ကြီး ဘယ်ကလာလို့ ဘယ်ကိုသွားမလို့လဲ” “ကျုပ်က အရှေ့တိုင်းပြည်က ဘုရင်ကြီးရဲ့ သားတော်ပါပဲ။ အနောက်အရပ်မှာ ပညာသင်ကြားပြီး တိုင်းပြည်ကို ပြန်လာခဲ့တာဖြစ်ပါတယ်” “ဒါနဲ့ မင်းသားသယ်လာတဲ့ ကျောက်တုံးက ပတ္တမြားလား၊ ကျောက်စိမ်းလား” “မဟုတ်ပါဘူးကွာ၊ မြက်ကိုသယ်ချင်လို့ အလေးချိန်တူတဲ့ ကျောက်တုံးကို ရှာပြီး သယ်လာတာပါ” မင်းသားစကားကို ကြားလိုက်တော့ ဇရပ်ပေါ်က လူကအတော်အံ့သြသွားပြီး မင်းသားကို ပြန်ပြောလိုက်ပါတယ်။ “ မင်းသားရေ ဒီလိုအလေ့ကျပေါက်တဲ့ မြက်ကို သယ်ဖို့ ဒီလောက်လေးတဲ့ ကျောက်တုံးကို သယ်လာရသလား။ ပြီးတော့ မြက်ထုံးတွေကို အညီအမျှဖြစ်အောင် တစ်ဖက်လေးထုံး ခွဲချည်ပြီး သယ်လာလည်းရပါတယ်”လို့ ပြောလိုက်တယ်။ ဒီစကားကို ကြားတဲ့ မင်းသားက သိပ်ကို အံ့သြပြီး လန့်သွားတယ်။ စိတ်ထဲမှာလည်း ဒီလူက အတော်ပညာတတ်တာပဲ။ သူသင်ခဲ့တဲ့ တက္ကသိုလ်က ပိုကောင်းတာလား၊ ကျုရှင်ရှိလို့များလားလို့ တွေးပြီး ဒီလိုပြန်မေးလိုက်တယ်။ “ ဒီလိုသယ်လည်းရတယ်ဆိုတာ ကျွန်တော်တစ်ခါမှ မတွေးမိဘူး။ နောင်ကြီးက ဘယ်တက္ကသိုလ်ကများ ပညာသင်ခဲ့တာလဲ။ သင့်ဆရာက ဘယ်သူများလဲ” မင်းသားစကားကို ကြားတဲ့ ဇရပ်ပေါ်က လူက ဟက်ဟက်ပက်ပက်ရီပြီး “မင်းသား ကျွန်တော်က ဘယ်တက္ကသိုလ်မှ မရောက်ဖူးပါဘူး။ စာလည်း မတတ်ပါဘူး။ ဒီဇရပ်မှာနေပြီး ဖြတ်သွားတဲ့ လမ်းသွား လမ်းလာတွေကို တောင်းပြီး စားနေရတဲ့ သူဖုန်းစားတစ်ယောက်ပါလို့ ပြောလိုက်တယ်။ ဒီစကားကို ကြားလိုက်တဲ့ မင်းသားက သိပ်ကို စိတ်ဆိုးသွားပြီး “ ငါက တစ်နေ့ကျရင် ဘုရင်ဖြစ်မယ့် အိမ်ရှေ့မင်းသားတစ်ယောက်ပဲ။ သူဖုန်းစားတစ်ယောက်ပေးတဲ့ အကြံဉာဏ်ကို ယူစရာမလိုဘူး” လို့ ပြောပြီး မြက်ရှစ်ထုံးနဲ့ ကျောက်တုံးကြီးကို ထမ်းပြီး သူ့တိုင်းပြည်ဆီကို မြက်စိုက်မယ်ဆိုပြီး ထွက်သွားပါတော့တယ်။ (တစ်ခါတလေမှာ လူတွေက ကိုယ်မှားနေတာသိတယ်၊ ဘေးလူရဲ့ အကြံဉာဏ်က ပိုကောင်းတယ်ဆိုတာလည်း သိတယ်၊ ဒါပေမယ့်လည်း ငါသာလျှင် ဆိုတဲ့ စိတ်ဓါတ်ကြီးကြောင့် မြက်ရှစ်ထုံးနဲ့ ကျောက်တုံးကြီးကို ထမ်းပြီး လျှောက်သွားနေတဲ့ သူတွေကလည်း လောကကြီးထဲ အတော်များသားပါပဲနော်။) ###Khin Hnin Kyi Thar

No comments