ရွှေအိမ်စည်၏ တုံ့ပြန်ချက်

ရွှေအိမ်စည်၏ တုံ့ပြန်ချက် ..................... ၁။ တိုက် [A-3-1]၊ အခန်း (၆၀၄)၊ မြန်မာ့ဂုဏ်ရည် အိမ်ရာ၊ အထက်ပန်းဆိုးတန်းလမ်းနှင့် မြန်မာ့ဂုဏ်ရည်လမ်းထောင့်၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရုံးခန်းဖွင့်လှစ်ထားသော Hello Madam မီဒီယာ ကုမ္ပဏီသည် ယခင် အားကစား ဝန်ကြီးဌာနထံမှ အလှမယ်ပြိုင်ပွဲ ကျင်းပခွင့် လိုင်စင် ရယူကာ မြန်မာနိုင်ငံ ကိုယ်စားပြု မယ်စကြာဝဠာ ပြိုင်ပွဲများကို ၂၀၁၃ ခုနှစ်မှ စတင်ကာ နှစ်စဉ်ကျင်းပလျက် ရှိပါသည်။ ၂။ ဖော်ပြပါ အဖွဲ့အစည်းသည် Miss Grand International ပြိုင်ပွဲကိုလည်း မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် တာဝန်ယူကျင်းပလျက်ရှိရာ ၂၀၁၆ အောက်တိုဘာ (၆) ရက်နေ့တွင် ရွှေအိမ်စည်ကို Miss Grand Myanmar အဖြစ် သွားရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့သည်။ ၃။ ၂၀၁၇ ခုနှစ် အောက်တိုဘာ (၁) ရက်နေ့တွင် ခိုင်လုံသော အကြောင်းပြချက် တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း အလျင်းမရှိဘဲ ထိုသို့စေလွှတ်မည့် အစီအစဉ်အား ရပ်ဆိုင်းလိုက်ကြောင်း ကြေညာချက်အမည်ခံ စာတစ်စောင်ကို Miss Universe Myanmar လူမှု ကွန်ယက် စာမျက်နှာတွင် လွှင့်တင်သွားသည်ကို တွေ့လာရသည်။ ၄။ အဆိုပါစာတွင် အခြေအမြစ် တန်ဘိုးကင်းမဲ့သော အကြောင်းပြချက် (၅) ချက်ကို အမှတ်စဉ်ထိုး ဖော်ပြထားပြီး ထိုအချက် (၅) ချက်မတိုင်မီ နိဒါန်းစာပိုဒ်တွင်လည်း “၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ဖိလစ်ပိုင်နိုင်ငံသို့ သင်တန်းတက်ရောက်ခဲ့သည့် ခရီးစဉ်အတွင်း နိုင်ငံ့ကိုယ်စားပြု အလှမယ် တစ်ဦးအနေဖြင့် ပြုမူလိုက်နာရမည့် အမူအကျင့်များ လိုအပ်ချက်များ ရှိနေသဖြင့် သတိပေး ပြောဆိုမှုများရှိ” ဟုတိကျပြတ်သားမှုကင်း၍ မှန်ကန်မှုမရှိသော စွပ်စွဲချက်များကို ရေးသားထားသည်ကို တွေ့ရှိရသည်။ ၅။ အဆိုပါခရီးစဉ်အတွင်း မယ်စကြဝဠာ မြန်မာ အဖွဲ့ တာဝန်ခံ ဒေါ်စိုးယုဝေနှင့် ယင်း၏ ခင်ပွန်းဖြစ်သူ ဗိုလ်ကြီးဟောင်း တင်မောင်အေးတို့ ဦးဆောင်ပါဝင်ကာ ရွှေအိမ်စည်သည် ခရီးစဉ်အဖွဲ့တစ်ခုလုံးအတွက် အင်တာဗျူး ဖြေဆိုသည့်အချိန်ကဲ့သို့ လိုအပ်သည့်နေရာများတွင် ဘာသာစကား အခက်အခဲမရှိအောင် ကူညီဆောင်ရွက်ပေးခဲ့ရပါသည်။ မယ်စကြာဝဠာ နောက်ဆုံးနေ့ အခမ်းအနားသို့ တက်ရောက်ရန် မြန်မာ ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလာရာ ယာဉ်မောင်း ဖိလစ်ပိုင်လူမျိုးကို ဗိုလ်ကြီးဟောင်း တင်မောင်အေးက ကားရပ်ရမည့် နေရာ ပြောကြားရာ မှားယွင်းသောကြောင့် ယခုရပ်ခိုင်းသော နေရာသည် ရိုးရိုးတန်း လက်မှတ်ဝယ်ကြည့်သော ပိရိသတ်များ ကြာမြင့်စွာ တန်းစီ ဝင်ရောက်ရမည့် အပေါက်ဖြစ်နေ၍ မှားယွင်းကြောင်း၊ မိမိတို့ နိုင်ငံံကိုယ်စားလှယ်အဖွဲ့များ လက်မှတ်နှင့်ဆိုလျင် ရှေ့ပေါက်မှ ဝင်ရောက်ရမည်ဖြစ်ကြောင်း ယာဉ်မောင်းအား အင်္ဂလိပ်ဘာသာဖြင့် ရွှေအိမ်စည်က ဝင်ပြောလိုက်သဖြင့် နေရာမှန်သွားပါသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့ ဖိလစ်ပိုင်နိုင်ငံတွင်း သွားလာရာတွင်လည်း ဒေါ်စိုးယုဝေတို့ ငှားရမ်းထားသော မော်တော်ယာဉ်သည် အခြားနိုင်ငံ ကိုယ်စားလှယ်များ စီးနင်းသည့်ကားထက် များစွာနိမ့်ကျနေသဖြင့် VIP Limousine တစ်စီးကို ဒေါ်စိုးယုဝေတို့ဖက်မှ စရိတ်ကုန်ကျခံစရာမလိုဘဲ ရွှေအိမ်စည်က မိမိ အဆက်အသွယ် အစီအစဉ်ဖြင့် ဝန်ဆောင်မှုပေးရန် စီစဉ်ခြိတ်ဆက်ပေးပါမည့်ကြောင်း တင်ပြခဲ့ပါသည်။ နောက်နေ့တွင် ဒေါ်စိုးယုဝေက ရွှေအိမ်စည်ကို ခေါ်ယူကာ ယမန်နေ့က ယာဉ်မောင်းကို တိုက်ရိုက် ညွှန်ကြားချက်ပေးပြီး ရပ်ရမည့်နေရာ အမှန်ပြောခြင်းသည် ၎င်း၏ ခင်ပွန်း အင်္ဂလိပ်လို ပြောနေသည်ကို ကျော်ပြောသလို ဖြစ်သောကြောင့် သိက္ခာကျဆင်းရကြောင်း၊ နောက်နောင် မပြောရန် သတိပေးရာ ရွှေအိမ်စည်က တစ်ဆင့်ပြောနေလျင် ဝင်ရမည့် အပေါက်မှားသွားမည်စိုးသဖြင့် တိုက်ရိုက်ပြောလိုက်ရခြင်း ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။ ခရီးစဉ် တစ်လျောက်လုံး ထိုကိစ္စကို သတိပေးသည်မှတစ်ပါး ကြေညာချက်တွင်ပါသကဲ့သို့ “ အမူအကျင့်များ လိုအပ်နေသည်” ဟု သတိပေးခြင်း လုံးဝမရှိခဲ့ပါ။ ကြေငြာချက်သည် ရွှေအိမ်စည်ကို အသရေဖျက်ထားသော လီဆယ်ဖော်ပြချက်သာ ဖြစ်ပါသည်။ ဖိလစ်ပိုင် ခရီးစဉ်တွင်သာမဟုတ်၊ ကရင်ပြည်နယ်ခရီးစဉ်တွင်လည်း ဒေါ်စိုးယုဝေက ရွှေအိမ်စည်တို့ အလှမယ်များအား Welcome from Home အမည်ပါ ဗီနိုင်းစာတမ်းကို အကိုင်ခိုင်းသဖြင့် ရွှေအိမ်စည်က အင်္ဂလိပ်အရေးအသားမှားနေကြောင်း အမှန်တော့ Welcome Home သာဖြစ်ရမည် ဖြစ်ကြောင်းအရှက်မကွဲရလေအောင် ထောက်ပြခဲ့ရပါသည်။ ၆။ စွပ်စွဲချက် (၁) ပါ ပညာရေး အထောက်အထား စာရွက်စာတမ်း တင်ပြနိုင်ခြင်း မရှိဟုသော ဖော်ပြချက်သည်လည်း အခြေအမြစ် မရှိပါ။ အောင်လက်မှတ် အင်္ဂလန်နိုင်တွင် ကျန်ရှိနေသဖြင့် လိုအပ်ပါက ပို့ခိုင်းပေးမည်ဟု အကြောင်းပြန်ထားပြီး ဖြစ်သောကြောင့် လုံလောက်မှုမရှိသော အပြစ်တင်ခြင်းသာ ဖြစ်သည်။ ၇။ ၂၀၁၇ စက်တင်ဘာ (၂၁) ရက်တွင် ရွှေအိမ်စည်က Miss Universe Myanmar Organisation သို့ ဖုန်းဆက်ခဲ့သည်။ ဆက်ရသည့်အကြောင်းအရင်းမှာ ထိုမတိုင်ခင် (၂) ရက်က ဒေါ်စိုးယုဝေတို့ ခေါ်ယူသောကြောင့် Gandamar Ballroom သို့ အစမ်းလေ့ကျင့်ရန် သွားခဲ့ပါသည်။ ၂၀၁၇ မယ်စကြဝဠာ ပွဲကြီးအတွက် လေ့ကျင့်နေရင်း ဒေါ်စိုးယုဝေက ရုပ်ရှင်တစ်ကားရိုက်ပေးရန် ရွှေအိမ်စည်ကို တာဝန်ပေးအပ်ခဲ့ပါသည်။ ထိုရုပ်ရှင်ကို စက်တင်ဘာ (၂၉) မှ အောက်တိုဘာ (၃) ရက်နေ့အတွင်း အပြီးရိုက်ရမည့် ကားမျိုးဖြစ်ကြောင်း ပြောရာ ရွှေအိမ်စည်က အောက်တိုဘာလ (၅) ရက်နေ့တွင် ပြိုင်ပွဲအတွက်သွားရတော့မည်ဖြစ်သောကြောင့် လက်မခံနိုင်ကြောင်း၊ ခရီးသွားရန် နိုင်ငံကူးလက်မှတ်လည်း သက်တမ်းတိုးရဦးမည် ဖြစ်ကြောင်း ပြောကြားလိုက်ပါသည်။ နောက်နေ့တွင် ထပ်မံဖုန်းဆက်ကာ အဆိုပါ ရုပ်ရှင်ကို မရိုက်မဖြစ် ရိုက်ပေးရမည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဒေါ်စိုးယုဝေတို့ဖက်ကမှာ ပွဲခစရံကို လက်ခံယူငင် သုံးစွဲပြီး ဖြစ်နေပြီ ဖြစ်သောကြောင့် လက်လွန်နေပြီ ဖြစ်ကြောင်း ပြောလာပါသည်။ ရွှေအိမ်စည်က ပြိုင်ပွဲနီးကပ်လွန်းပြီ ဖြစ်သောကြောင့် မည်သို့မျှ ရိုက်ကူးမပေးနိုင်တော့ကြောင်း၊ ပရိသတ် ကလည်း ကြည်ဖြူမှာ ပြန်ကြားလိုက်ပါသည်။ ဒေါ်စိုးယုဝေတို့က ညည်းမတင်ရင် ဘယ်ပရိသတ်က သိမှာလည်း မပြောနှင့်ပေါ့အေ့ဟု ပရိသတ်ကို လှည့်စားရန် တိုက်တွန်းခဲ့ပါသည်။ ၈။ စက်တင်ဘာ (၂၁) တွင် ဒေါ်စိုးယုဝေသည် ပြိုင်ပွဲ အမျိုးသား တာဝန်ခံ တစ်ယောက်၏ ကျင့်ဝတ်သိက္ခာကို ဆန့်ကျင်စွာ ၎င်း၏ လူမှုကွန်ယက်ပေါ်တွင် “ဒီကြားထဲ passport သက်တမ်း မတိုးထားတဲ့ နိုင်ငံ့ဂုဏ် ဆောင်မယ့်သူက တစ်မျိုး စုံလို့ပါပဲအေ” ဟု ထိကပါး ရိကပါး စောင်းမြောင်းရေးသားမှုများ တွေ့နေရကြောင်း ရွှေအိမ်စည်၏ ပရိသတ်များက အကြောင်းကြားလာပါသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး ဒေါ်စိုးယုဝေတို့ရုံးသို့ ဖုန်းဆက်ကာ လက်ထောက်တစ်ဦးကို ရွှေအိမ်စည်က တုံ့ပြန်ရာတွင် “ အစ်မတို့ ပြောစရာရှိရင် လူကြီး လူကောင်းပီပီ ပြောလို့ရပါတယ်။ အခု Passport လည်း သမီးအဆက်သွယ်နှင့် တိုးလိုက်တာ နာရီပိုင်းအတွင်း ပြီးသွားပြီ။ အချင်းချင်း ကောင်းကောင်းပြောလို့ရတာကို ရုပ်ရှင်မရိုက်နိုင်ဘူး ပြောမိတာနှင့် မဆိုင်တဲ့ ကိစ္စ ရေးတင်တာတော့ မကောင်းပါဘူး။ အစ်မတို့ လူကြီးဆန်ဆန် ပြောဆိုသွန်သင်ရင် အရေးတယူ နာခံမယ်။ Facebook ပေါ်တက်ရေးတာတွေဆိုရင်တော့ သမီးကို ဒီ့ထက်မက ပေါက်ပန်းလေးဆယ် စောက်ရေးမပါတာတွေ နေ့တိုင်းရေးတဲ့ အကောင့်တွေတောင် သမီးက စောက်ဂရုစိုက်တာမဟုတ်ဘူး၊ နောက်ကို ဆင်ခြင်ပါ၊ ဒါမျိုး တန်ဖိုးမရှိတဲ့ ကလေးဆန်တာတွေ မလုပ်ပါနှင့်” ဆိုသည့် သဘောမျိုး ပြောကြားခဲ့ပါသည်။ ရွှေအိမ်စည်သည် အနုပညာရှင် တစ်ဦးအနေဖြင့် မိမိ ကြုံတွေ့နေရသော ဝေဖန်မှုများနှင့် ပတ်သက်ပြီး Facebook တွင် အခြားသူများ စောင်းမြောင်းရေးသားချက်ကို စောက်ဂရုမစိုက်ဘူးဟူသော ယေဘုယျ ပြောကြားချက်သာဖြစ်ပါသည်။ စောက် organization ဟုလည်းကောင်း၊ စောက် ဒေါ်စိုးယုဝေ ဟုသော်လည်းကောင်း၊ စောက်ဦးတင်မောင်အေး ဟုသော်လည်းကောင်း ပြောကြားခဲ့ခြင်း လုံးဝမရှိပါသဖြင့် ကြေညာချက်တွင် ပါဝင်သကဲ့သို့ ရိုင်းစိုင်း ကြမ်းတမ်းသော အပြောအဆို အသုံးအနှံုးများဖြင့် Organisation ကို ရည်ရွယ်ပြောဆိုခြင်း မရှိကြောင်း သိသာနိုင်ပါသည်။ ၉။ စွပ်စွဲချက် (၃) တွင်ပါဝင်သကဲ့သို ပြိုင်ပွဲအတွက် လိုအပ်သည်များ အချိန်မီ ပြင်ဆင်ခြင်းမရှိဟု ဆိုလာခြင်းမှာလည်း ခိုင်လုံသော အကြောင်းပြချက်ဟု မဆိုသာပါ။ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကိုလည်း မိမိအဆက်အသွယ်ဖြင့် ဆောင်ရွက်ပြီး ဖြစ်သလို လေယာဉ်လက်မှတ်ကိုလည်း မိမိအစီအစဉ်ဖြင့် ဝယ်ယူနိုင်ကြောင်း ပြန်ကြားထားပြီး ဖြစ်ပါသည်။ Miss Universe Myanmar Organisation က သူတို့သာ စီစဉ်မည်ဟု အကြောင်းပြန်သော်လည်း ပြီးမြောက်အောင် မစီစဉ်ထားသည်မှာ Organisation ဖက်မှ ပျက်ကွက်မှုသာဖြစ်ပါသည်။ ၁၀။ စွပ်စွဲချက် (၄) တွင် ရွှေအိမ်စည်သည် စာချုပ် အပိုဒ် (၆) ပါ ကိုယ်ကျင့်သိက္ခာဆိုင်ရာ နေထိုင်ကျင့်ကြံမှုများ ဖောက်ဖျက်သည်ဟု ဖော်ပြထားခြင်းကို လုံးဝလက်မခံဘဲ ပယ်ချလိုက်သည်။ ရွှေအိမ်စည်သည် တရားဥပဒေအရ နိုင်ငံသား တစ်ဦး၏ ကျင့်ဝတ်အရသော်လည်းကောင်း၊ အနုပညာ ကျင့်ဝတ်အရသော်လည်းကောင်း ကိုယ်ကျင့်သိက္ခာ ပျက်ပြားသည့် မည်သည့် အပြုအမူကိုမျှ လုပ်ကိုင်နေခြင်းမရှိပါ။ ထိုသို့မရှိသည့်လျောက် မိသားစုရေး၊ ကိုယ်ရေးကိုယ်တာရေး၊ နေထိုင်သွားလာပုံတွင် ရွေအိမ်စည်သည် ပရိသတ်ကိုရော၊ organization ကိုပါ တစ်စုံတစ်ရာ ဖုံးကွယ်ထားခြင်းမရှိဘဲ ပကတိ အတိုင်း ပွင့်လင်းစွာ သတ္တိရှိရှိ နေထိုင်နေသူ ဖြစ်ပါသည်။ သို့ပါ၍ စွပ်စွဲချက် (၄) ပါဖော်ပြချက်သည် Organisation ဖက်မှ ရွှေအိမ်စည်၏ ကိုယ်ကျင့်သိက္ခာအပေါ် မရိုးမဖြောင့် လီဆည်ကာ မောက်ကျော်စော်ကားဝံ့လာခြင်းဟု မှတ်ယူရမည်ဖြစ်သည်။ သို့ဖြစ်၍ ယခုကဲ့သို့ Organisation ၏ အသရေဖျက် မောက်ကျော်စော်ကားမှုများ ဆက်လက်ပြုလုပ်မည်ဆိုပါက ထိရောက်ဟန့်တားလောက်သည့် ရာဇဝတ်ကြောင်းအရ အရေးယူမှုများ ပြုလုပ်ရန် စဉ်းစားလျက်ရှိပါကြောင်း ရွှေအိမ်စည်၏ ပရိသတ်များကို တင်ပြအပ်ပါသည်။ ၁၁။ စွပ်စွဲချက် (၅) တွင်လည်း စာချုပ်အပိုဒ် (၉)ပါ ကိုယ်ကျင့်တရားနှင့် ကောင်းမွန်သော ပုံရိပ်အဖြစ် နေထိုင်သွားမည်ဖြစ်ကြောင်း သိရှိသဘောတူထားခြင်းကို လိုက်နာ ဆောင်ရွက်မှုမရှိကြောင်း ထပ်မံဖော်ပြထားသည်ကို တွေ့ရသည်။ အဆိုပါ စွပ်စွဲချက်သည်လည်း အထက်စာပိုဒ်ပါ စွပ်စွဲချက်နှင့် သဘော သဘာဝတူသော အသရေဖျက်မှုသာဖြစ်ပါသည်။ နိုင်ငံကိုယ်စားပြုအလှမယ် တစ်ယောက်အနေဖြင့် မိမိနိုင်ငံတွင် ဖြစ်ပွားနေသော အဖြစ်အပျက်များအပေါ် နိုင်ငံတကာက အထင်အမြင်လွဲမှားနေမှုကို ဖြေရှင်းရန် တာဝန်ဟူ၍ စာချုပ်ဖြင့် ပြဌာန်းထားခြင်းမရှိသော်လည်း ရွှေအိမ်စည်ဟူသော နိုင်ငံသားတစ်ဦးအနေဖြင့် မိမိ၏ ထင်ပေါ်ကျော်စာမှုကို အသုံးချကာ တစ်စုံတစ်ရာ ဖြေရှင်းရန် တာဝန်ရှိသည်ဟု အလေးအနက် ခံယူပါသည်။ ထိုသို့ ခံယူသည့်အတိုင်း ရခိုင်ဒေသတွင် ARSA အစွန်းရောက် သောင်းကျန်းသူများက ဒေသခံ ရခိုင်တိုင်းရင်းသားများ အပေါ် သတ်ဖြတ်တိုက်ခိုက်နေသည့်ကိစ္စကို Organisation ၏ တိုက်တွန်းခြင်း၊ ပူးပေါင်းပါဝင်ခြင်း၊ အားပေးကူညီခြင်း လုံးဝမရှိဘဲ မိမိသဘော ဆန္ဒအလျောက် ရိုက်ကူးရှင်းလင်းခဲ့သည်မှန်ပါသည်။ ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်းမပါဘဲ ဆောင်ရွက်ခြင်းကို ရွှေအိမ်စည်အနေဖြင့် ကောင်းမွန်သော ပုံရိပ်နှင့် ဆန့်ကျင်သည်ဟု လုံးဝ မမှတ်ယူနိုင်ပါ။ ထိုဗီဒီယို စတင်ရိုက်ကူးမည် ဆိုကထည်းကလည်း နိုင်ငံအတွက် အကျိုးရှိပြီး မိမိအတွက် ယခုလို တုံ့ပြန်မှုများ ရှိလာနိုင်မည်ဆိုသည်ကို သိရှိ လက်ခံထားပြီးမှ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ၁၂။ Miss Universe Myanmar Organisation ၏ကြေညာချက်တွင် အမျိုးမျိုး စွပ်စွဲထားသော အကြောင်းပြချက်များအရသာ ရွှေအိမ်စည်ကို ဖယ်ရှားမည်ဆိုပါက စက်တင်ဘာလ (၂၀) ရက်နေ့တွင် ဒေါ်စိုးယုဝေနှင့် ရွှေအိမ်စည် အစမ်းလေ့ကျင့်သည့် နေ့ကတွေ့ခဲ့စဉ် ရွှေအိမ်စည်ကို တစ်စုံတစ်ရာ ပြစ်တင်ခြင်း၊ သတိပေးခြင်း၊ ဟန့်တားခြင်း လုံးဝပြုလုပ်ခဲ့ခြင်းမရှိသည်ကို ထူးဆန်းစွာတွေ့ရမည်ဖြစ်ပါသည်။ မယ်စကြဝဠာ မြန်မာ အခမ်းအနားအတွက်သော်လည်းကောင်း၊ Miss Grand International ပြိုင်ပွဲ သွားပြိုင်ရန်အတွက်သော်လည်းကောင်း ခါတိုင်းသာမန် အချိန်ကဲ့သို့ပင် ရွှေအိမ်စည်ကို ပြင်ဆင်မှုများ လုပ်ပေးခဲ့ပါသည်။ ဒေါ်စိုးယုဝေတို့ စရံယူလက်ခံလိုက်သော ရုပ်ရှင်ကို ရိုက်မပေးနိုင်ကြောင်းပြန်ကြားပြီးသည့် အချိန်နှင့် ဒေါ်စိုးယုဝေတို့ ဖက်မှ ပူးပေါင်းပါဝင်ခဲ့ခြင်းမရှိသော ရခိုင်ပြည်နယ်အရေး ဗီဒီယို ထွက်ပေါ်လာပြီး နောက်မှသာ အဆိုပါ အချက် နှစ်ချက်ကို တိုက်ရိုက် ဖော်ပြခြင်းမရှိဘဲ မလိုအပ်သော အပရိက ကိစ္စများကို ပြစ်တင်ဝေဖန်လာခြင်း ဖြစ်ပါသည်။ အဆိုပါ လုပ်ရပ်သည် Organisation တစ်ခု၏ ကိုယ်ကျင့်သိက္ခာနှင့် ကိုက်ညီသည်ဟု ခံယူရန် လွန်စွာ ခံယဉ်းလှပါတော့သည်။ ၁၃။ သို့ပါ၍ ယခုကဲ့သို့ ကိုယ်ကျင့်သိက္ခာ ကင်းမဲ့သော အဖွဲ့အစည်းအဖြစ် စစ်ဆေးပေါ်ပေါက် လာပြီဖြစ်သော Miss Universe Myanmar Organisation နှင့် ယင်းအဖွဲ့တွင် ပါဝင် လုပ်ကိုင်နေသူများနှင့် တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်ရန်ဆိုသည်မှာ ရွှေအိမ်စည်၏ အဆင့်အတန်း ဂုဏ်သိက္ခာနှင့် အပ်စပ်မှု မှရှိတော့ပါ။ အဆိုပါ အဖွဲ့အစည်းနှင့် ဆက်စပ်နေသော ဆုကြေး၊ သရဖူ၊ စလွယ်နှင့် တံခွန်စိုက်ဆုတို့အား ယင်းအဖွဲ့အစည်းအား လိုင်စင်ထုတ်ပေးထားသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သို့မဟုတ် အခြား သိက္ခာရှိသော တာဝန်ရှိသူ တစ်ဦးမှ တစ်ဆင့် ရွှေအိမ်စည်၏ အဆင့်သိက္ခာနှင့် ညီညွတ်စွာ ပြန်လည် လွှဲအပ်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ အဖွဲ့အစည်း၏ မလျော်ကန်သော အပြုအမူများကိုလည်း ပြည်ထောင်စု ဝန်ကြီးကို လိပ်မူ၍ အစီရင်ခံ တင်ပြသွားမည် ဖြစ်ပါသည်။ ၁၄။ Miss Universe Myanmar အဖွဲ့အစည်း၏ တစ်ဖက်သတ် ကြေညာချက်ထုတ်ပြန်လာ ရုတ်သိမ်းခြင်းကြောင်း ရွှေအိမ်စည်ဖက်မှ ပြင်ဆင် ဆောင်ရွက်ထားရှိခဲ့သည့် ကုန်ကျစရိတ်များကိုလည်း လိုအပ်ပါက တရားမ ဥပဒေ ကြောင်းအရ ပြန်လည် တရားစွဲရယူကာ လိုအပ်သော ပရဟိတ အဖွဲ့ တစ်ခုခုသို့ လှူဒါန်းသွားမည် ဖြစ်သည်။ ၁၅။ မြန်မာ စာသုံးပေါင်း သတ်ပုံကျမ်းအရ ကြေညာချက်ကို ဖော်ပြရာတွင် Organisation မှ “ကြေငြာချက်” ဟု င ရရစ်နှင့် ရေးသားခြင်းမှာ မှားယွင်းနေကြောင်း၊ ည နှင့်သာ ရေးရမည်ဖြစ်ကြောင်း လည်းထောက်ပြ ပြစ်တင် ရှုံ့ချ လိုက်သည်။

No comments