ပေါင်းတည်မြို့တွင် လက်ဖြင့်ပွတ်သပ်ပေးရုံဖြင့် ရောဂါများပျောက်ကင်းသည်ဟူသည့် ကလေးငယ်ထံ လာရောက်ဆေးကုသူများနေပြီး တန်းစီစောင့်ဆိုင်းရသည်အထိ ဖြစ်ပေါ်

ပေါင်းတည်မြို့တွင် လက်ဖြင့်ပွတ်သပ်ပေးရုံဖြင့် ရောဂါများပျောက်ကင်းသည်ဟူသည့် ကလေးငယ်ထံ လာရောက်ဆေးကုသူများနေပြီး တန်းစီစောင့်ဆိုင်းရသည်အထိ ဖြစ်ပေါ် ================== ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့တွင် လက်ဖြင့် ပွတ်သပ်ယုံဖြင့် ရောဂါများပျောက်ကင်းသည်ဟူသည့် ကလေးငယ်ထံ လာရောက်ဆေးကုသူများပြားနေ၍ တန်းစီစောင့်ဆိုင်းရသည်အထိ ဖြစ်နေကြောင်း သတင်းရရှိသည်။ အဆိုပါ အသက်ငါးနှစ်ကျော်ခန့် ကလေးငယ်မှာ ပေါင်းတည်မြို့၊ ကြာနီကန်အုပ်စု၊ ရှားပေါင်းကျေးရွာတွင် နေထိုင်နေပြီး လွန်ခဲ့သည့်နှစ်လကျော်ခန့်မှစကာ လူသိများလာခဲ့ပြီး နေ့စဉ်ဆိုသလို လာရောက်ကုသူ များပြားလာ၍ တန်းစီစောင့်ဆိုင်းနေသူများ နေ့စဉ် ၂၀၀ နီးပါးခန့်ရှိကာ ကျောင်းပိတ်ရုံးပိတ်ရက်များတွင် ၅၀၀ ကျော်ခန့် လာရောက်ကုသလေ့ရှိကြောင်း ဒေသခံများထံက သိရသည်။ “ရွာမှာလာကုတဲ့သူတွေ အရမ်းများလာလို့ ကလေးကိုအနားရအောင်ဆိုပြီး မြို့ပေါ်မှာ လာနားနေတာ။ မရဘူး။ ဒီကိုလည်း လိုက်လာကြတာ။ ကလေးရဲ့ အတိတ်ကံကြောင့် ဒီလိုမျိုးပျောက်ကင်းတယ်လို့ထင်တယ်။ ကုသစရိတ်လည်းမတောင်းဘူး။ ဆိုင်းဘုတ်လည်း မတင်ဘူး။ အလှူငွေ ကြိုက်သလောက်ထည့်ပဲ။ ဘယ်လောက်ဖြစ်ဖြစ်ရတယ်။ ကလေးလက်ကလေးနဲ့ ထိပေးသပ်ပေးရုံနဲ့ ကုပေးတာ” ဟု ကလေးငယ်၏ ဘကြီးဖြစ်သူ ဦးဝင်းထွဋ်က ပြောကြားသည်။ ကလေးငယ်အမည်မှာ မောင်ထွန်းတေဇအောင်ဖြစ်ပြီး ငါးနှစ်သားအရွယ်က ၎င်းတို့ရွာရှိ စျေးသည်တစ်ဦး မျက်စိအနားမှ ဘုကိုကုသပေးရာက ပျောက်ကင်းခဲ့ပြီး လွန်ခဲ့သည့် သုံးလခန့်က ကျောင်းအုပ်ဆရာမတစ်ဦး လက်မှအသားပိုကို ကုသပေးရာ ပျောက်ကင်းချိန်မှစ၍ လူသိများလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “အခြားရောဂါမျိုးစုံပဲ ဒီမှာလာကုကြတယ်။ ဖျားနာကအစ နာတာရှည်တွေအထိ လာကုကြတယ်လို့ သိရတယ်။ ကျွန်မတို့အမျိုးတွေလည်း လာကြတယ်။ အဆုတ်ပွတာပေါ့။ နှစ်ခါလောက်လာလိုက်တယ် ပျောက်သွားတယ်။ ဘယ်လိုကြောင့်ဆိုတာတော့ ကျွန်မတို့လည်း မပြောတတ်ဘူး။ သူများတွေ ပျောက်တယ်ဆိုတော့ လာကုတာပါ။ ယုံကြည်မှုကတော့ ရှိပါတယ်” ဟု ဆေးကုလာသူ အမျိုးသမီးတစ်ဦးက ပြောကြားကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ကျေးရွာတွင်မကုသဘဲ ပေါင်းတည်မြို့ပေါ်တွင် လာရောက်နားနေစဉ်မှာပင် ကုသပေးနေရကြောင်း လာရောက်သူများမှာလည်း နေ့စဉ်ဆိုသလို ပိုမိုများပြားလာနေကြောင်း သိရသည်။ writer: ဝေလင်း (ပြည်) =========== Eleven Media Group http://news-eleven.com/news/13913

No comments