နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်သတင်းဌာန Nikkei Asian Review အင်တာဗျူး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်သတင်းဌာန Nikkei Asian Review အင်တာဗျူး ဒေါ်အောင်ဆန်းစုကြည်ရဲ့ခေါင်းဆောင်မှုအပေါ် နိုင်ငံတကာက ဝေဖန်မှုတွေကို ဘယ်လိုတုံ့ပြန်ချင်ပါသလဲ။ ဒီဝေဖန်မှုတွေထဲမှာ ဘယ် အရာက အံ့အားသင့်စရာ အကောင်းဆုံးဖြစ်မလဲ။ တကယ်တမ်းပြောရရင် ဘာမှအံ့အားသင့်စရာမရှိဘူး။ တွေးမြင်ပုံတွေဆိုတာ ပြောင်းလဲတတ်ပါတယ်။ အခြားသော တွေးပုံမြင်ပုံတွေလိုပဲ ကမ္ဘာ့အတွေးအမြင်ဆိုတာလည်း ပြောင်းလဲတာပါပဲ။ ကျွန်မတို့ ဘာတွေ့ရသလဲဆိုတော့။ ဒါကလည်း နားလည်ရလွယ်ပါတယ်။ ပြုပြင်ပြောင်းလဲမှုကို ကိုယ်တိုင်ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံတွေက ပြုပြင်ပြောင်းလဲမှုဆိုတာ မရှိဘူးတဲ့ နိုင်ငံတွေထက် အများကြီးပိုပြီး ကျွန်မတို့အပေါ်မှာ နားလည်တာကိုတွေ့ရပါတယ်။ ပြည်တွင်းက တုံ့ပြန်မှုတွေနဲ့ပတ်သက်လို့ကတော့ ကျွန်မတို့မှာ အတိုက်အခံအင်အားစုရှိပါတယ်။ ဒါဟာ ဒီမိုကရေစီနိုင်ငံတိုင်းမှာ ဖြစ်သင့်တဲ့ကိစ္စပါ။ ကျွန်မတို့ကတော့ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီ မဟုတ်သေးပါဘူး။ ဝေဖန်မှု၊ ဆွေးနွေးငြင်းခုံမှုတွေအတွက် လမ်းဖွင့်ပေးထားပါတယ်။ တကယ်လက်တွေ့မှာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ စိစစ်ရေးလုပ်ငန်းစဉ်ကို ဘယ်တော့ စဖြစ်မလဲ။ အလျင်အမြန် စတင်နိုင်ပါတယ်။ ဒါပေမဲ့ အလျင်အမြန် ပြီးစီးသွားမယ်လို့ ဆိုလိုတာ မဟုတ်ဘူးနော်။ မြန်မြန်ဆန်ဆန်နဲ့ ပြီးစီးသွားမယ်လို့ ကျွန်မ ဘယ်တုန်းကမှ မပြောခဲ့ဘူး။ ကျွန်မပြောခဲ့တာက ဒီဒုက္ခသည်များ စိစစ်လက်ခံရေးကို အချိန်မရွေး စတင်နိုင်တယ်။ ဘာလို့လဲဆိုတော့ ဒါဟာ ကိစ္စရပ်အသစ်တခု မဟုတ်လို့ပါ။ စိစစ်လက်ခံခြင်းလုပ်ငန်းစဉ်အတွက် စံသတ်မှတ်ချက်တွေကို ၁၉၉၃ ခုနှစ်မှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အစိုးရကြား သဘောတူထားတာရှိပါတယ်။ အဲဒီဟာကို အချိန်မရွေး စတင်နိုင်ပါတယ်။ သို့သော်လည်း ဒီလုပ်ငန်းစဉ်တခုလုံး အလျင်အမြန် ပြီးမြောက်သွားမယ်လို့ မဆိုလိုဘူး။ ဒီ ၁၉၉၃ သဘောတူညီမှုကို မြန်မာစစ်တပ်က စေ့စပ်ညှိနှိုင်းခဲ့တာဖြစ်တယ်။ အခုချိန်မှာ ဒီသဘောတူညီမှုကို တပ်က အသိအမှတ်ပြုမယ်လို့ မျှော်လင့်ထားလား။ ဟုတ်ပါတယ်။ ၁၉၉၃ ဆိုတာ စစ်အစိုးရလက်ထက် ဖြစ်ပါတယ်။ ဒီကိစ္စဟာ အစိုးရရဲ့ကိစ္စသက်သက်သာဖြစ်ပြီး အစိုးရကပဲ ကိုင်တွယ်သွားမှာပါ။ ဒီဟာကို ဘယ်အချိန်မှာစမလဲဆိုတာကတော့ ကျွန်မတို့အပေါ်မှာ မူတည်သလို ဘင်္ဂလားဒေ့ရှ်အစိုးရအပေါ်မှာလဲ မူတည်ပါတယ်။ သူတို့ဘက်က လုပ်ချင်တဲ့ဆန္ဒမရှိဘဲနဲ့ ကျွန်မတို့က အဲဒီမှာ ဝင်လုပ်လို့ရတာ မဟုတ်ဘူး။ ကျွန်မတို့ဘက်က ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ အမြဲတမ်း ဆက်သွယ်ပြောဆိုနေတာရှိပါတယ်။ တကယ်တမ်းပြောရရင် ဒီစိစစ်လက်ခံခြင်းကိစ္စကို နောက်ဆုံးလုပ်ခဲ့တာ ၂၀၀၅ ခုနှစ်ကပါ။ ဒီဘက်ကို ပြန်မလာချင်တဲ့လူတွေရှိတာကြောင့် ရပ်တန့်သွားခဲ့ရတယ်။ ကျွန်မ သိရသလောက် ဒီဘက်ကိုပြန်လာတဲ့ သူတွေကိုပဲ ပြန်ပို့ရမယ်ဆိုတဲ့အချက်ပါတယ်။ အဲဒီတုန်းက စိစစ်ဖို့ ကျန်တာ မိသားစု ၂၀၀၀ လောက်ပဲရှိတော့တာ။ ဒီအပြင် လူတွေအားလုံကို လက်ခံပြီးပါပြီ။ ပြောရမယ်ဆို ၂၀၀၅ ခုနှစ်မှာလုပ်ခဲ့တာ နောက်ဆုံးပါပဲ။ အဲဒီကတည်းက ရပ်တန့်နေတာပါ။ စက်တင်ဘာ ၁၉ မိန့်ခွန်းမှာ အစုလိုက်အပြုံလိုက် ထွက်ပြေးကြတဲ့အပေါ်မှာ စုံစမ်းစစ်ဆေးမယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ ဘာကြောင့် ဒီလိုထွက်ပြေးကြတယ်ဆိုတာကိုတော့ ဒေါ်အောင်ဆန်းစုကြည် အသေအချာသိတယ် မဟုတ်လား။ ကျွန်မတို့က သိချင်တာပေါ့လေ။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ သီတင်းပတ်များအတွင်းမှာမှ စွန့်ခွာထွက်ပြေးမှုက အများဆုံးလို ဖြစ်နေတယ်။ စက်တင်ဘာ ၅ ရက်နေ့ကစပြီး အခြေအနေတွေ တိတ် ဆိတ်နေခဲ့တာဆိုတော့ ဒီလိုတိတ်ဆိတ်ငြိမ်သက်သွားပြီးတဲ့နောက်မှာမှ ဘာကြောင့် စွန့်ခွာထွက်ပြေးကြ သလဲဆိုတာ သိချင်တာပါ။ သူတို့အနေနဲ့ လက်တုံ့ပြန်ခံရမှာကို ကြောက်လို့ပဲလား။ အခြားအကြောင်းများ ကြောင့်ပဲလား။ ကျွန်မက အမှန်တကယ်သဘောရိုးနဲ့ စိတ်ဝင်စားတာပါ။ ဘာလို့လဲဆိုတော့ အခြေအနေကို ကုစားဖို့ဆိုရင် ဘာကြောင့်ဖြစ်ရသလဲ ဆိုတာကို ရှာဖွေဖို့လိုပါတယ်။ ပြဿနာတွေရဲ့အစက ဘာလဲဆိုတာကို ပထမဆုံးသိရှိဖို့ လိုပါတယ်။ ဒီအပေါ်မှာ ကျွန်မတို့ ကြည့်ရှုဆန်းစစ်သွားမှာပါ။ စုံစမ်းစစ်ဆေးတယ်ဆိုတဲ့ စကားလုံးကို ကျွန်မ မသုံးချင်ဘူး။ လူတွေကို ဖမ်းဆီးစစ်ဆေးပြီး မေးမြန်းစုံစမ်းမယ်ဆိုတဲ့ပုံ ပေါက်နေလို့ပါ။ ဒါပေမဲ့ အခြေအနေတွေ ငြိမ်သက်သွားပြီးတဲ့နောက်မှ ဘာကြောင့် ၀ရုန်းသုန်းကားပုံစံမျိုးနဲ့ ထွက်ပြေးကြသလဲ။ ဘာလို့လဲဆိုတော့ ဒီမတိုင်ခင်မှာ ဟိုဘက်သွားတာ သိပ်မှမရှိဘဲ။ လူမကျန်တော့တဲ့ ရွာအများစုက နယ်စပ်နားမှာ များပါတယ်။ ဒီနေရာတွေကျတော့ ခဏချင်းတွင်း အလွယ်တကူထွက်သွားလို့ ရတဲ့နေရာမျိုးတွေ ဖြစ်ပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ရခိုင်ပြည်နယ်က ပြဿနာ ဖြစ်ပွားတဲ့နေရာကို လာရောက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီဖိတ်ခေါ်မှုထဲမှာ အပြည်ပြည်ဆိုင်ရာ ကူညီထောက်ပံ့ရေးအဖွဲ့အစည်းတွေရော ပါဝင် ပါသလား။ ကျွန်မ ဖိတ်ခေါ်ခဲ့တာ နိုင်ငံတကာ သံတမန်အသိုက်အဝန်းအတွက်ပါပဲ။ လူသားချင်းစာနာထောက်ထားမှု အစီအစဉ်တွေကတော့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ ဦးဆောင် မှုနဲ့စတင်နေပါပြီ။ သံတမန်တွေ သွားရောက်နိုင်ဖို့အတွက် စီစဉ်ရတော့မှာပါ။ သူတို့ရဲ့လုံခြုံရေးအတွက် ဂရုစိုက်ပေးရပါမယ်။ ဒါဟာ ကျွန်မတို့ တာဝန်ပါ။ ဒါပေမဲ့ နိုင်ငံတကာအသိုက်အဝန်းတခုလုံးကို တပြိုင်တည်း တချိန်တည်းမှာ ပို့ဆောင်ပေးဖို့တော့ ကျွန်မတို့ တာဝန်မယူနိုင်ဘူး။ ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်မယ့် နည်းလမ်းနဲ့လုပ်ရမှာ ဖြစ်ပါတယ်။ စိတ်ပါဝင်စားလို့ အမည်စာရင်းပေးထားတဲ့ သံတမန်စာရင်းလည်း ကျွန်မတို့မှာ ရှိနေပါပြီ။ ဦးရာလူစနစ်နဲ့ ဆောင်ရွက်ရမယ်ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေါ်လစီအပေါ်မှာ တော်တော်လေး ဝေဖန်တဲ့ နိုင်ငံတွေရှိနေချိန်မှာပဲ တရုတ်နဲ့ တခြားနိုင်ငံတွေကတော့ အားပေးထောက်ခံတာကို တွေ့ရတယ်။ ဒီရခိုင်ပြည်နယ်အကျပ်အတည်းက နိုင်ငံခြားရေးမူဝါဒအပေါ် အပြောင်းအလဲ တစုံတရာ ဖြစ်ပေါ်စေမလား။ ကျွန်မတို့ကတော့ ကမ္ဘာ့နိုင်ငံအားလုံးနဲ့ ရင်းနှီးခင်မင်တဲ့ ဆက်ဆံရေးထူထောင်မယ့် နိုင်ငံခြားရေးမူဝါဒကို ကိုင်စွဲထားပါတယ်။ မြန်မာနိုင်ငံဆိုတာ ရခိုင်ပြည်နယ်တခုတည်းမဟုတ်ဘူးဆိုတာ ကျွန်မတို့က အမြဲ သတိချပ်ထားပါတယ်။ တချို့နိုင်ငံတွေက ဒီအချက်ကို မသိကြဘူးလို့ တခါတလေ ကျွန်မထင်မိတယ်။ မြန်မာနိုင်ငံဆိုတာ ရခိုင်ပြည်နယ် တခုတည်းရှိတာမဟုတ်ဘူးဆိုတာကို သူတို့မေ့လျော့နေကြတယ်။ ဒါပေမဲ့ ကျွန်မတို့ကတော့ ဒီအချက်ကို အမြဲလိုပဲ အင်မတန်မှသတိချပ်ထားပါတယ်။ အားလုံးဆီက အားပေးထောက်ခံမှုရဖို့ ကျွန်မတို့ကမျှော်လင့်ပါတယ်။ အားပေးကူညီမှုဆိုတာ ဘယ်အချိန်မဆို အသုံးကျပါတယ်။ ဒီမူဝါဒထဲမှာ အနောက်ကမ္ဘာနဲ့ ပိုမိုထိတွေ့ဆက်ဆံရေးရော ပါဝင်ပါသလား။ သူတို့နဲ့အမြဲလို အဆက်အဆံရှိပါတယ်။ အရင်ကထက် ထိတွေ့ဆက်ဆံမှုလျော့ပါးသွားတာ မဟုတ်ပါဘူး။ အရှေ့တိုင်းရှုထောင့်နဲ့ အနောက်တိုင်းရှုထောင့်က မတူးဘူးလို့ ကျွန်မထင်ပါတယ်။ တွေ့ကြုံခံစားရမှုဆိုတာ ပထဝီအနေအထားနဲ့ မသက်ဆိုင်ဘူးလို့ ကျွန်မယူဆချင်ပေမယ့်လည်း ကျွန်မတို့ ကမ္ဘာဘက်ခြမ်းမှာ ကြံုတွေ့ခံစားရတာနဲ့ ကမ္ဘာ့တဖက်ခြမ်းမှာ ရင်ဆိုင်ကြံုတွေ့ရတာက မတူပါဘူး။ ပထဝီအနေအထား ကွာခြားမှုမှာ ကွဲပြားတာထက် သူတို့ရဲ့တွေ့ကြံုခံစားမှုနဲ့ ကျွန်မတို့ရဲ့ တွေ့ကြံုခံစားမှုက ပိုမိုကွာခြားပါတယ်။ ပြုပြင်ပြောင်းလဲရေးကာလတခုကို ဖြတ်သန်းခဲ့ဖူးတဲ့နိုင်ငံတွေ ဥပမာ-ပထဝီအနေအထားအရဆို အနောက်လို့ ပြောရမယ့် ဥရောပအလယ်ပိုင်းက နိုင်ငံတွေက ကျွန်မတို့ရင်ဆိုင်နေရတဲ့ အခက်အခဲနဲ့စိန်ခေါ်မှုတွေအပေါ် အင်မတန်မှ ပိုပြီးနားလည်တာကိုတွေ့ရပါတယ်။ ဂျပန်နိုင်ငံဆိုရင်လည်း ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ အင်မတန်ခက်ခဲတဲ့ အပြောင်းအလဲကာလတခုကို ဖြတ်သန်းခဲ့ရပါတယ်။ အဲဒီလို အပြောင်းအလဲ လုပ်ရတဲ့ကာလ၊ အတိုးအလျှော့လုပ်ရတဲ့ကာလတွေဟာ အခက်အခဲဆုံးကာလတွေပါပဲ။ ဒီလိုကာလကို ဖြတ်သန်းဖူးတဲ့နိုင်ငံတွေကသာ . . . 'ပြုပြင်ပြောင်းလဲရေးဆိုတာ'မတူတဲ့ အခြေအနေ၊ မတူတဲ့ အနေအထားတွေအပေါ်မူတည်ပြီးတော့ အတိုးလျှော့လုပ်ခြင်းပါပဲ။ ရခိုင်ပြဿနာကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုနဲ့ ရင်းနှီးမြှုပ်နှံ လိုသူတွေရဲ့ စိတ်အာရုံအပေါ် ဆိုးကျိုးသက်ရောက်မှုရှိမယ်ဆိုတာ စိုးရိမ်မိပါသလား။ စိုးရိမ်တာပေါ့။ အကျိုးသက်ရောက်မှုရှိနိုင်တယ်ဆိုတာကို ကျွန်မတို့က သိထားရမှာပေါ့။ ဒါပေမဲ့ အကျိုးကြောင်းမဲ့ စိုးရိမ်တာမျိုးတော့ မဟုတ်ဘူး။ ဒီဖြစ်စဉ်တွေကြောင့် ပြည်ပကဝင်လာမယ့် ရင်းနှီးမြှုပ်နှံမှု တွေအပေါ် သက်ရောက်မှုမရှိနိုင်ဘူးလို့ ယူဆရင် မိုက်မဲရာကျပါလိမ့်မယ်။ ကျွန်မတို့က အားလုံးကို တချိန် တည်းမှာ လုပ်ရတာပါ။ ဒါဟာအစိုးရရဲ့ အလုပ်ပါ။ ပြည်ပက ရခိုင်ကိစ္စတခုတည်းကိုပဲ စိတ်ဝင်စားသူတွေ ကတော့ ရခိုင်ကိုပဲ အာရုံစိုက်ကြပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်မတို့ကတော့ စီးပွားရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အစရှိတဲ့ တိုင်းပြည်ရဲ့ အခြားကိစ္စအဝဝကိုလည်း ဆောင်ရွက်ရပါ တယ်။ အဲဒီလို ကဏ္ဍပေါင်းစုံမှာ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ဖို့အတွက် ကျွန်မတို့ မျက်လုံးတွေကို ဖွင့်ထားရပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှုအတွက် ဘာတွေကို ဦးစားပေးဆောင်ရွက်နေပါသလဲ။ လမ်းနဲ့လျှပ်စစ်လိုမျိုး အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးမှာ ကျွန်မတို့ အထူးအလေးထားဆောင်ရွက်နေပါတယ်။ ဒီဟာ ဂျပန်နဲ့ သြစတြေးလျက လူတွေအတွက်တော့ ရယ်စရာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ လာပြီးရင်းနှီးမြှုပ်နှံလိုသူတွေအတွက်တော့ တကယ့်အခြေခံ အဆောက်အအုံတွေက အင်မတန်မှ အရေးကြီးပါတယ်။ ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာ ကျွန်မတို့ရဲ့ အခြေခံအဆောက်အအုံကဏ္ဍက အားကောင်းလာတာကို တွေ့ရပါတယ်။ ဒါဟာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုဝင်လာဖို့အတွက် မက်လုံးတခုဖြစ်ပါတယ်။ လက်တွေ့ကျကျပြောရင် ရင်းနှီးမြှုပ်နှံမှုများအတွက် အများကြီးပိုမိုလွယ်ကူစေမယ့် ဖွံ့ဖြိုးတိုးတက်မှုတွေ အခွင့်အလမ်းသစ်တွေ အများကြီးရှိပါတယ်။ ဥပမာ-ရင်းနှီးမြှုပ်နှံမှုပဲလုပ်ချင်ပြီး လမ်းခင်းလမ်းဖောက်ခြင်းလုပ်ဖို့ စိတ်မဝင်စားတဲ့ စီးပွားရေးလုပ်ငန်းတွေ ရှိပါတယ်။ ဒါပေမဲ့လည်း လမ်းတွေက မကောင်းတဲ့အခါကျတော့ . . . ပြီးခဲ့တဲ့ တနှစ်ခွဲလောက် အတွင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းပိုင်းမှာ အင်မတန် ကောင်းမွန်လာတာ တွေ့ရပါတယ်။ ကြီးမာတဲ့ ဝယ်လို အားရှိနေပါတယ်။ လက်ရှိအချိန်မှာ ကျွန်မတို့လုပ်နိုင်တဲ့ ပမာဏအတိုင်းအတာအတွက် လုံလောက်တဲ့ ငွေကြေးပမာဏရှိပါတယ်။ တကမ္ဘာလုံးက ငွေကြေး ပမာဏရှိပါတယ်ဆိုဦးတော့ အားလုံးကို ဥုံဖွလုပ်သလို တချက်တည်းနဲ့ ပြီးမြောက်အောင်လုပ်နိုင်မှာ မဟုတ်ပါဘူး။ ပြည်တွင်းစီပွားရေးအတွက် ဦးစားပေး ဆောင်ရွက်နေတာကိုလည်း သိပါရစေ။ လူဦးရေ ၇၀ ရာခိုင်နှုန်းလောက်က စိုက်ပျိုးရေးနဲ့ အသက်မွေးနေကြတာဖြစ်တဲ့အတွက် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေးကို အလေးထားဆောင်ရွက်နေပါတယ်။ ဒါဟာ လက်တွေ့ကျပါတယ်။ စိုက်ပျိုးရေးအပိုင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေမခေါ်တော့ဘဲ အစိုးရ- ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP - Public Private Partnership)လုပ်ငန်းတွေ၊ နောက် SMES အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းတွေ ပိုမို ဖွံ့ဖြိုးတိုးတက်လာဖို့ ဇောင်းပေးလုပ်ဆောင်နေပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဟန့်အတားလိုဖြစ်နေတဲ့ လျှပ်စစ်မီးမလုံလောက်မှုကိုလည်း ကိုင်တွယ်နေတယ်ဆိုတော့ စွမ်းအင်ပုံစံအနေနဲ့ ကျောက်မီးသွေးက ထုတ်လုပ်ဖို့ရှိပါသလား။ ရေအားလျှပ်စစ်အပိုင်းကရော ဘယ်လိုရှိမလဲ။ ကျောက်မီးသွေးကတော့ အင်မတန်မှ အငြင်းပွားစရာဖြစ်ပါတယ်။ လူတွေပြောကြသလိုပေါ့ သန့်ရှင်းတဲ့ ကျောက်မီးသွေးနည်းပညာဆိုတာမရှိဘူး။ (လေထု)ညစ်ညမ်းမှု ပိုသက်သာတဲ့ ကျောက်မီးသွေး နည်းပညာပဲရှိပါတယ်။ ကျွန်မတို့က ဂျပန်နိုင်ငံမှာလို ဈေးနှုန်းသက်သာပြီး လေထုညစ်ညမ်းမှုနည်းပါးတဲ့ Clean Coal Technology နဲ့ လျှပ်စစ်ထုတ်ယူနိုင်လောက်တဲ့ အခြေခံအဆောက်အအုံတွေ မရှိဘူးလေ။ ဒါ့အပြင် ရေရှည်မှာ ဖြစ်ပေါ်လာနိုင်မယ့် အကျိုးဆက်တွေကိုလည်း ထည့်တွက်ရပါတယ်။ ရေရှည်မှာကျောက် မီးသွေး ဘယ်လောက်ထိထုတ်လုပ်နိုင်မှာလဲ၊ ပြည်ပက ကျောက်မီးသွေးတင်သွင်းရတဲ့ အခြေအနေတွေနဲ့ ကြုံလာမလား၊ ဒီလိုဆို စီးပွားရေးအရတွက်ခြေကိုက်ပါ့မလား ဒါတွေလည်း ထည့်တွက်ရပါတယ်။ ရေအား လျှပ်စစ်နဲ့ပတ်သက်လို့ကတော့ Mini- Hydro, Micro-Hydro စတဲ့ အသေးစားရေးအားလျှပ်စစ်စီမံ ကိန်းလေးတွေကိုလည်း ထည့်သွင်းစဉ်းစားနိုင်ပါတယ်။ သဘာဝပတ်ဝန်းကျင်ရှုထောင့်ကကြည့်ပြီး ပြည်သူ အများလက်ခံနိုင်မယ့် ရေအားလျှပ်စစ်စီမံကိန်း ပုံစံအမျိုးမျိုးပေါ့။ အငြင်းပွားမှုကိုဖြစ်စေတဲ့ စီမံကိန်းအကြီး ကြီးတွေထက်စာရင် အသေးစားရေအားလျှပ်စစ်စီမံကိန်းလေးတွေလုပ်ဖို့ ဂျပန်အဖွဲ့တွေက စိတ်ဝင်စားတယ်လို့ ကျွန်မထင်တယ်။ မြန်မာနိုင်ငံမှာ သဘာဝဓာတ်ငွေ့အများအပြားထွက်ရှိပြီး အများစုကို ထိုင်းနိုင်ငံကို တင်ပို့နေတယ်။ အဲဒီစာချုပ်တွေကို ပြန်လည်ပြင်ဆင်ဖို့ ရှိပါသလား။ တချို့သဘောတူစာချုပ်တွေက အရင် အစိုးရလက်ထက်က လက်မှတ်ထိုးခဲ့တာ။ အဲဒီတော့ လက်ရှိ အခြေအနေကိုကြည့်ပြီး ကျွန်မတို့ရဲ့ လိုအပ်ချက်ကိုလည်း ထည့်သွင်းစဉ်းစားရမှာပါ။ တချိန်တည်းမှာပဲ ကိုယ့်ရဲ့စီးပွားရေးမိတ်ဖက်တွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေကိုလည်း လေးစားရမှာ ဖြစ်ပါတယ်။ အဲဒီလို မှမဟုတ်ရင် ကျွန်မတို့ကို စီးပွားရေးလုပ်လို့ကောင်းတဲ့ နိုင်ငံလို့ မဟုတ်ဘူးလို့ သတ်မှတ်ကြလိမ့်မယ်။ ရှိသမျှ ရင်းမြစ်တွေကို အသုံးချရမှာပဲ။ ဒါသည် လက်တွေ့အကျဆုံးနည်းလမ်းပဲ။ ကျွန်မတို့နိုင်ငံမှာ ရေအားလျှပ် စစ်ထုတ်လုပ်ဖို့ ရင်းမြစ်တွေအများကြီးရှိပါတယ်။ ဒါပမေဲ့ သိတဲ့အတိုင်း ဒီမှာလည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ ပြဿနာ၊ နိုင်ငံရေးပြဿနာတွေ တွယ်ကပ်ပါနေပါတယ်။ လက်ရှိအချိန်ထိ နိုင်ငံရဲ့စီးပွားရေး အခြေအနေကို ဘယ်လိုမြင်ပါသလဲ။ တချို့ကလည်း ကျွန်မတို့သွားနေတာ သိပ်မြန်တယ်ပြောတယ်။ တချို့ကျတော့လည်း သိပ်နှေးကွေးနေတယ်ဆိုတယ်။ အဲဒီလိုဆိုတော့ မှန်ကန်သင့်တော်တဲ့ မြန်နှုန်းနဲ့သွားနေလို့ဖြစ်မှာပါ။ မော်ရိုး News Watch #Thida Minn

No comments