##မ ဘ သ

`` မဘသနှင့် ရန်ကုန်တိုင်း ဝန်ကြီးချုပ်တို့ သင်ပုန်းချေရန် နှစ်ဖက် သဘောတူ´´ -------------------------------------------------------- ရန်ကုန်၊ စက်တင်ဘာ ၂၇ မဘသအဖွဲ့နှင့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ ယခင်ကာလများ၌ တစ်ဖက်နှင့်တစ်ဖက် ပြောဆိုမှုများကို သင်ပုန်းချေရန် နှစ်ဖက်သဘောတူညီမှု ရရှိခဲ့ကြောင်း မဘသအဖွဲ့ (ယခု ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း) ဦးဆောင်ဆရာတော်များထံမှ သိရသည်။ စက်တင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်း ၄ နာရီ မိနစ် ၄၀ အချိန်ခန့်၌ ဗုဒ္ဒဓမ္မ ပရဟိတ ဖောင်ဒေးရှင်းနှင့် မန္တလေး မဘသအဖွဲ့တို့သည် ရခိုပြည်နယ်ပဋိပက္ခ ဖြစ်စဉ်အတွင်း၌ နစ်နာဆုံးရှုံးခဲ့သော တိုင်းရင်းသားများကို ကူညီထောက်ပံ့ရန် ကျပ်သိန်း ၅၀ဝ ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ သွားရောက် လှူဒါန်းခဲ့သည်။ ယင်းလှူဒါန်းသည့် အခမ်းအနားတွင် အထက်ပါအတိုင်း နှစ်ဘက်ဆွေးနွေး သဘောတူခဲ့ခြင်းဖြစ်သည်။ “လက်ရှိ ရခိုင်ပြည်နယ် အရေးကိစ္စဖြစ်စဉ်အပေါ် ဆရာတော်တို့ အစိုးရအဖွဲ့နဲ့ တစ်သားထဲ ရှိတယ်ဆိုတဲ့ ကိစ္စတွေကို ဝန်ကြီးချုပ်ကို ပြောခဲ့တယ်။ ပြီးတော့ ယခင်က တိုင်းဝန်ကြီးချုပ်က မဘသ အလိုမရှိဘူး။ ပြီးတော့ တစ်ဘက်နှင့်တစ်ဘက် ပြောဆိုခဲ့တာတွေကို သင်ပုန်းချေပြီး ပူးပေါင်း ဆောင်ရွက်သွားဖို့ ပြောဆိုဆွေးနွေးခဲ့ကြပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အလှူငွေ သွားရောက်လှူဒါန်းခဲ့သော ဗုဒ္ဓဓမ္မ ပရဟိတ ဦးဆောင်ဆရာတော်တစ်ပါးက The Voice သတင်းစာ မိန့်ကြားသည်။ အဆိုပါ အလှူငွေ လှူဒါန်းပွဲကို ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း (ဗဟို) ဥက္ကဋ္ဌဖြစ်တော်မူသည့် ကျေးဇူးတော်ရှင် အင်းစိန်ရွာမ ဆရာတော်ဘုရားကြီး ကိုယ်စား ရွှေရတုတိပိဋကဓရ မော်ကျွန်း ဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ၊ မဇ္ဈိမဂုဏ်ရည်ဆရာတော် ဒေါက်တာ အရှင်ကောဝိဒ၊ သိမ်ဇရပ်ဆရာတော် အရှင်ပညာဝရ၊ အထက်မြန်မာပြည် မန္တလေးမြို့ မဘသအဖွဲ့ အတွင်းရေးမှူးချုပ်ဆရာတော် ဘဒ္ဒန္တကုသလ (ပါဠိ ပါရဂူ) တွဲဖက် အတွင်းရေးမှူးဆရာတော် ဘဒ္ဒန္တဝဏ္ဏိတနှင့် ဆရာတော် ဒေါက်တာ အရှင်တေဇနိယတို့ ကြွရောက်တော်မူခဲ့ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံသို့ အလှူငွေကျပ် သိန်း ၅၀ဝ အား ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ “ဆရာတော်တို့ လှူဒါန်းတဲ့ငွေက ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း ပါမယ်။ အထက်မြန်မာပြည် မဘသ အဖွဲ့ပါမယ်။ ဒီလို လှူဒါန်းငွေနဲ့ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်နဲ့လည်း အချိန်အတော်ကြာ ဆွေးနွေးခဲ့ကြတယ်”ဟု ဗုဒ္ဓဓမ္မ ပရဟိတ ဦးဆောင် ဆရာတော်တစ်ပါးက ဆက်လက်မိန့်သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန် တိုင်းအစိုးရအဖွဲ့ကို ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရခဲ့ပေ။ ထို့အတူ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း ဆရာတော်များသည် စက်တင်ဘာလအတွင်း၌ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ဆက်လက်ကာရန် ကျန်ရှိသည့် စီမံကိန်းကို ဆောင်ရွက်နိုင်ရန်နှင့် တည်ဆောက်ပြီး စီမံကိန်းကို အဆင့်မြှင့်ရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ ကျပ်သိန်း ၂၀ဝဝ လှူဒါန်းခဲ့သည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၂၀၁၆ ခုနှစ် စင်ကာပူနိုင်ငံခရီးစဉ်အတွင်း၌ စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံရာတွင် နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ရှိနေခြင်းကြောင့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး မဘသအဖွဲ့၊ မလိုအပ်တော့ဘူးလို့ မှတ်ချက်ပြု ပြောဆိုခဲ့သည်။ ထိုသို့ပြောဆိုပြီးနောက် အမျိုးသားရေး တက်ကြွလှုပ်ရှားသူများက ဦးဖြိုးမင်းသိန်း၏ ပြောဆိုမှုကို ဆန့်ကျင်ကြောင်း ကန့်ကွက်ဆန္ဒပြပွဲများလည်း ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ နှစ်ဘက်သဘေားထား တင်းမာမှုဖြစ်ပေါ်ပြီးနောက် ၂၀၁၇ ခုနှစ် မေလ ၂၃ ရက်နေ့တွင် နိုင်ငံတော်သံဃာ မဟာနာယက (မဟန) ဆရာတော်ကြီးများက မဘသအဖွဲ့ လေးနှစ်ပြည့် ညီလာခံကို ကျင်းပခွင့်မပြုဘဲ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အမည်ခံ ပုဂ္ဂိုလ်များသည် တစ်ဦးခြင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ (မဘသ) အမည်ကို သုံးစွဲလျက် မည်သည့်ကိစ္စမျိုးကိုမှ ဆောင်ရွက်ခြင်း မပြုရန် မဟနက ဆုံးဖြတ်ခဲ့သည်။ The Voice

No comments